ရန်ကုန် ၈ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီးတွင် (၂၀၁၉-၂၀၂၀)ရာသီ ပဲတီစိမ်းစိုက်တောင်သူများအတွက် (GAP & GHP) နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ တောင်သူပညာပေးသင်တန်းကို ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပရာ တောင်သူဦးကြီး (၅၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်က GAP-GHP နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်ရေး၊ စျေးကောင်းရရှိရေးနှင့် စျေးကွက်ခိုင်မာမှုရှိရေး၊ နည်းစနစ်များ ပြောင်းလဲအသုံးပြုနိုင်ရေး စသည်ဖြင့် ပြောကြားသွားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ကျော်က အစားအစာဘေးကင်းလုံခြုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အရည်အသွေးရှိသည့် ပစ္စည်းများ ထုတ်လုပ်ရေး၊ သက်သာချောင်ချိရေးတို့နှင့် ပတ်သက်၍ ပြောကြားသွားသည်။
ထို့နောက် Bright Light Co.,Ltd မှ ဦးမောင်မြင့်က ပဲစျေးကွက်အခြေအနေများများကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးတာဝန်ခံ ကျွမ်းကျင်ပညာရှင် ဒေါ်စန်းစန်းဝင်းနှင့် ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပို့ချပေးခဲ့ကြကြောင်း သိရသည်။
ကြည်စိုးလွင်-(သုံးခွ)