ပေါင်းတည် ၈ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၁ ရွာ၌ သောက်သုံးရေများ ဖူလုံစွာရရှိစေရေး၊ ကျေးလက်နေ တောင်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေများဖြင့် စက်ရေတွင်းတူးဖော်ခြင်း၊ မြေသားရေကန်တူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေစုကန်တည်ဆောက်ခြင်း၊ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ပေါင်းတည်မြို့နယ်အတွင်းရှိ တောင်ခမောက်၊ နတ်ရေတွင်း၊ သရက်ခေါင်း၊ ချောင်းခွ၊ ချောင်းခွ(ရွာပုလဲ)၊ ပေါက်မှော်၊ ကျွဲကြာတိုင်း၊ ကွေ့မ၊ ရုပ်ဆိုင်၊ အလယ်ရွာ၊ ဘန့်ဘွေးကန်၊ ဂွေးတောက်ကွင်း၊ တောင်ဟိန်း၊ တောင်လွှဲ၊ ကျသောင်းတောင်၊ ဂွေးတောက်၊ စပါးကြွယ်၊ မရိုးကျွန်း၊ သစ်ပျောက်စမ်းကျေးရွာ ၁၉ ရွာ၌ လေးလက်မစက်ရေတွင်း ၁၀ တွင်း၊ ရေစက်ရုံ ၁၀ ခု၊ မြေသားရေကန် ၉ ကန်၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန် ၃ ခု၊ ဂါလံ ၁၀၀၀ ဆံ့ အုတ်ရေကန် ၁ ခု၊ စင်မြင့်ရေစင်တည်ဆောက်ခြင်း လုပ်ငန်း ၆ ခုတို့အား ခွင့်ပြုရန်ပုံငွေကျပ် ၂၀၈ သန်းဖြင့်လည်းကောင်း၊ အင်ကြီးကျေးရွာနှင့် သဖန်းပင်ဆိပ်ကျေးရွာ နှစ်ရွာတွင် ကုန်ထုတ်လမ်းနှစ်လမ်းနှင့် Box Culvert ၈ခု တည်ဆောက်ခြင်းလုပ်ငန်းများအား ခွင့်ပြုရန်ပုံငွေကျပ် ၁၉၁ ဒသမ ၄၅ သန်းဖြင့် ယခုနှစ် ဒီဇင်ဘာလ တတိယပတ်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ တင်ဒါရ ကုမ္ပဏီများတွေ့ဆုံ၍ ဆောင်ရွက်မည့် လုပ်ငန်းစဥ် အသေးစိတ်အား ချပြရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက ပြောသည်။
အဆိုပါသောက်သုံးရေရရှိရေးလုပ်ငန်းများနှင့် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၂၁ ရွာရှိ အိမ်ခြေ ၂၀၀၀ ကျော်မှ လူဦးရေ ၉၀၀၀ ကျော်တို့၏ သောက်သုံးရေဖူလုံစွာရရှိရေး၊ တောင်သူများ၏ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေးတို့အတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက ဆက်လက်ပြောပြသည်။
Source - ငြိမ်းသူ


