၈ ဒီဇင်ဘာ

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်ရန် စက်များစမ်းသပ်တပ်ဆင်မှု ယခုလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

"ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံဆောင်ရွက်ထားတဲ့အတိုင်း ယခုလအတွင်းမှာ စက်တွေ ၁၅၀၀ တပ်ဖို့ အားလုံးပြင်ဆင်ပြီးဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ၅ ရက်နေ့ကဆိုရင် ပထမဦးဆုံးတပ်ဆင်မယ့် ယာဉ်လိုင်းကုမ္ပဏီတွေနဲ့ Asia Starmer တို့ တပ်ဆင်မှုကဏ္ဍ ညှိနှိုင်းပေါင်းစပ်တဲ့လုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ပါတယ်၊ ကျွန်တော်တို့က ဒီအပတ်အတွင်းမှာ ဖြစ်နိုင်ရင် နှစ်ဦးနှစ်ဖက် စာချုပ်များလက်မှတ်ရေးထိုးပြီးတော့ လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ဖို့ အားလုံးတင်ပြထားတဲ့အတိုင်းဘဲ ယခုလ ၁၈ ရက်အတွင်းမှာ တပ်ဆင်မှုလုပ်နိုင်အောင် ဒီလအတွင်းမှာ ဒီစက်တွေသည် ဒီကား ၁၅၀၀ ပေါ်မှာ အားလုံးတပ်ဆင်ပြီးဖြစ်အောင် ဒီအပိုင်းကို ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်"ဟု ဦးလှအောင်က ပြောသည်။

အဆိုပါ ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှုကို ယခုလအတွင်း ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် YBS ယာဉ်အစီးရေ ၁၅၀၀ ကို စက်များစမ်းသပ်တပ်ဆင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ စက်များ စမ်းသပ်တပ်ဆင်နိုင်ရန်အတွက် ကုမ္ပဏီလေးခုဖြစ်သည့်  YUPT ကုမ္ပဏီမှ ယာဉ်အစီးရေ ၅၀၀ ကျော်၊ YBPC ကုမ္ပဏီမှ ယာဉ်အစီးရေ ၅၀၀ ကျော်၊ ဗန္ဓုလကုမ္ပဏီမှ ယာဉ်အစီးရေ ၃၀၀ ကျော်နှင့် ရွှေတောင်ပိုင်းကုမ္ပဏီမှ ယာဉ်အစီးရေ ၈၀ ကျော်တို့ကို ကနဦး ဆောင်ရွက်ရန် စာရင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိ ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေသည့်လုပ်ငန်း လုပ်ဆောင်ရန်အတွက် တင်ဒါအောင်မြင်ထားသည့် Asia Starmer Transport Intelligent ကုမ္ပဏီမှ YBS ယာဉ်အမျိုးအစား၊ မော်ဒယ်အမျိုးအစားအလိုက် စက်များတပ်ဆင်နိုင်ရန် တိုင်းတာမှုများ လုပ်ဆောင်လျက်ရှိရာ ယာဉ်လိုင်းအားလုံးနီးပါး တိုင်းတာမှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

"ဒီစက်တွေကို တပ်ပြီးရင် ဆက်သွယ်မှုလုပ်တဲ့အခါမှာ တိုင်တွေထောင်ရတာရှိမယ်၊ ကြိုးတွေသွယ်တန်းရတာရှိမယ်၊ အဲ့ဒါတွေကို သက်ဆိုင်ရာကုမ္ပဏီပိုင်းကလည်း ကားအမျိုးအစားအလိုက် အားလုံးကို တစ်စီးချင်းလိုက်တိုင်းတာတယ်၊ အဲဒီကားတွေအားလုံးကို တိုင်းပြီးတော့မှ ဒီစက်နဲ့ တပ်ဆင်မယ့်နေရာအရောက် ကြိုးကိုတစ်ခါတည်း ပါကင်နဲ့ တည်ဆောက်မှာ၊ ဒါကြောင့် ယာဉ်တွေလိုက်တိုင်းတယ်၊ အမျိုးအစားလိုက်စစ်တယ်၊ ပြီးရင် အော်ဒါမှာတယ်၊ အခုဒီစက်တွေကိုမှာပြီးပါပြီ၊ ရောက်ပြီလို့ ကုမ္ပဏီကနေသိရပါတယ်"ဟု ဦးလှအောင်က ဆိုသည်။

လက်ရှိ အစိုးရလက်ထက်တွင် မထသ စနစ်ကို ရပ်ဆဲပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှစ၍ YBS စနစ်ကို ပြောင်းလဲခဲ့ကာ လက်ရှိအချိန်တွင် လမ်းကြောင်းပေါင်း ၁၃၅ လမ်းကြောင်းမှ ယာဉ်လိုင်းနံပါတ်ဖြင့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိသည့်အပြင် Airport Shuttle Bus တို့လည်းရှိကာ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၅၀၀ ခန့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

ငြိမ်းငြိမ်း