မိုးမိတ် ၈ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ခရိုင်အဆင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ်ဆောင်ရွက်သည့် ရွှေဇာလီကျေးရွာအုပ်စု ညောင်နီကျေးရွာ၌ ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သည့် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေဇာလီကျေးရွာအုပ်စု ညောင်နီကျေးရွာ ကွင်းအမှတ် ၁၂၊ ဦးပိုင် ၁၅/၂ တောင်သူဦးအေးမောင်၏ လယ်မြေ(၅)ဧကတွင် မိုးစပါး ဆင်းဧကရီ(၃) စပါးစိုက်ခင်း ၀.၁ ဧက စံကွက်အား ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ရာ အစိုထွက် တစ်ဧကလျှင် ၁၄၄ တင်းထွက်ရှိခဲ့ရာ လယ်ပိုင်ရှင် ဦးအေးမောင်က “ယခင်နှစ်မိုးစပါးတုန်းကဆိုလျှင် တစ်ဧကအထွက်နှုန်းက (၁၂၀) ကျော်ပဲထွက်တယ်။ ဒီနှစ်တော့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မွန်နှင့်ဝန်ထမ်းများက အပတ်စဉ် ကွင်းဆင်း၍ ခေတ်မီ စိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် ကြီးကြပ်ပေးခြင်းများ ဆောင်ရွက်ပေးမှုကြောင့် အထွက်နှုန်း ပိုမိုကောင်းလာတဲ့အတွက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟု ပြောသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်၍ ကြည့်ရှုလေ့လာခဲ့ကြသည်။
မိုးမိတ်သား(စည်သူဌေး)