တောင်ကြီး ၈ ဒီဇင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲသူ (၅၀)ရာခိုင်နှုန်းပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ Treasure Palace Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိုင်ငံတော်အနေဖြင့် အစိုးရသစ်တာဝန်ယူ ဆောင်ရွက်သည့် ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံတော်၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးများကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အားတိုးတက်၊ ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးနိုင်ရေးကာလတို ကာလရှည်စီမံချက်များချမှတ်၍ စီမံကိန်းလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း (၁၈၆၆၈ ဒသမ ၇၅၁)ကျပ်၊ ၂၀၁၇−၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း(၂၁၁၂၃ ဒသမ ၃၇၇)ကျပ်၊ ၂၀၁၈−၂၀၁၉ (၆)လပတ် ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း (၁၈၀ဝ၆ ဒသမ ၁၈၃)ကျပ်၊ ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း (၂၂၈၈၈ ဒသမ ၁၁၃)ကျပ်၊ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း (၃၆၁၀ဝ)ကျပ်၊ ၂၀၁၆−၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရှမ်းပြည်နယ် အတွင်းကျပ်သန်း (၂၉၇၀ဝ ဒသမ ၄၉၈)ကျပ်အသုံးပြု၍ ပြည်သူများ လျှပ်စစ်မီးဗို့အား ပြည့်မှီစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာသုံးစွဲနိုင်ရေးအစရှိသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်တွင် (၂၃၀)ကေဗွီဓာတ်အားခွဲရုံ (၂)ရုံ၊ (၁၃၂)ကေဗွီဓာတ်အားခွဲရုံ (၄)ရုံ၊ (၆၆)ကေဗွီဓာတ်အားခွဲရုံ (၄၈)ရုံ၊ (၃၃)ကေဗွီဓာတ်အားခွဲရုံ (၁၅၉)ရုံ၊ (၁၁)ကေဗွီဓာတ်အားခွဲရုံ (၄၆၅၅)ရုံ၊ (၂၃၀)ကေဗွီမဟာဓာတ်အားလိုင်း (၁၄၈)မိုင်၊ (၁၃၂)ကေဗွီမဟာဓာတ်အားလိုင်း (၂၁၆ ဒသမ ၇၀)မိုင်၊ (၆၆)ကေဗွီဓာတ်အားလိုင်း (၇၈၉ ဒသမ ၇၃)မိုင်၊ (၃၃)ကေဗွီဓာတ်အားလိုင်း (၇၄၈ ဒသမ ၆၅)မိုင်၊ (၁၁)ကေဗွီဓာတ်အားလိုင်း (၂၃၄၇)မိုင်၊ (၄၀ဝ)ဗို့ဓာတ်အားလိုင်း (၂၄၄၆ ဒသမ ဝ၉)မိုင်တို့ဖြင့် မြို့များအပြင် ကျေးရွာ (၁၈၆၆)ရွာ၊ မီးသုံးစွဲသူ (၄၂၃၉၃၀)ဦးနှင့် အိမ်ထောင်စု (၅၁၇၀၅၇)ဦးတို့အား နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပေးထားရှိပြီး ဓာတ်အားသုံးစွဲမှုပမာဏမှာ (၂၈၆ ဒသမ ၆)မဂ္ဂါဝပ် သုံးစွဲလျက်ရှိပါကြောင်း၊ မီးလင်းရန်ကျန်ရှိသည့် မြို့နယ်ကျေးရွာများကို လျှပ်စစ်ဓာတ်အား တိုးမြှင့်ရရှိရေးအတွက် ပြည်ထောင်စုဘတ်ဂျက်များဖြင့် လျာထားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းနှင့် ယခုလို တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲသူ (၅၀)ရာခိုင်နှုန်းအထိ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မြို့ပြနှင့် ကျေးလက်နေပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းအောင် လျှပ်စစ်ဓာတ်အားကို ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဒုတိယအင်ဂျင်နီယာမှူးများ ဖြစ်ကြသော ဦးကျော်လှိုင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးသက်ပိုင်မျိုးတို့မှ ရှမ်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့အား အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)