ညောင်ဦး  ၈   ဒီဇင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့်  ပလင်းကမ်းသာယာဆင်စခန်းတွင် ဆင်စာဘူဖေးကျွေးသူ များပြားလာခြင်းနှင့် တစ်လသားအရွယ် ဆင်ပေါက်လေး ခင်လပြည့်ဌေးအား စိတ်ဝင်စားမှုမြင့်တက်လာနေကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ပြောသည်။

 

အဆိုပါ ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ်ကြသည့် မြန်မာပြည်အရပ်ရပ်မှ ခရီးသွား ပြည်သူများသည် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာရောက်ကြရာမှ နေ့ခင်းဘက်အချိန် ခရီးတထောက်နားနေရာအဖြစ် ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်ကြကာ မြစ်ကမ်းဘေးတွင် ဆောက်လုပ်ထားသည့် ဆင်များကြည့်ရှုရန် ဆောက်လုပ်ထားသည့် နားနေဆောင် ရှည်တံရှည်တဲများသို့ လာရောက်အပန်းဖြေနားနေကြကြောင်းနှင့် ဆင်စာကျွေးရန် ရောင်းချသည့် ဆင်စာဗန်းများအား ဝယ်ယူကာကျွေးမွေးကြကြောင်း သိရသည်။

 

ဘုရားဖူးလာရင်း ဆင်စခန်းသို့ ဝင်ရောက်အပန်းဖြေနားကြသည့် ဆင်စခန်းလာခရီးသွားဧည့်သည်များသည် ဆင်စာတစ်ဗန်းခြင်း ဝယ်ကျွေးရသည်ကို မတင်းတိမ်ဘဲ ဆင်စာဘူဖေးကျွေးမွေးလိုကြောင်း အစပြုကျွေးမွေးရာမှ ယခုအခါ ဆင်စာဘူဖေးကျွေးသူ များပြားလာရောင်း ဆင်စာဘူဖေးတစ်ခါကျွေးလျှင် ကျပ်သုံးသောင်းနှင့် နေ့လယ်စာပါ ပါကာ ကျပ်ငါးသောင်းသတ်မှတ်ကာ တစ်နေကုန်စာအတွက် ငွေကျပ်တစ်သိန်းဖြင့် ခရီးသွားဆင်ချစ်သူများ စိတ်ချမ်းမြေ့စွာ ဆင်စာကျွေးနိုင်ရန် ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ရှိသူများမှ ဆင်စာဘူဖေးကျွေးချိန် ချက်ခြင်းစီစဉ်ပေးကြောင်း ဆင်စာဘူဖေးကျွေးသူ ထပ်နေပါက နောက်ရက်တွင် စီစဉ်ကျွေးကြောင်း သိရကာ ယခုအခါ ဆင်စာဘူဖေးကျွေးသည့်အကြိမ်‌ရေ (၇၅)ကြိမ်ကျော်သွားပြီဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို က ရှင်းပြသည်။

 

ဆင်စာကျွေးရာတွင် နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရဲသီး၊ အုန်းသီး၊ ဆီးသီး၊ သရက်သီး၊ သခွားသီး၊ ကြံ၊ ပြောင်းဖူးနှင့် ရာသီပေါ်သစ်သီးသစ်နှံများကိုလည်း ကျွေးကြောင်း သိရသည်။

 

ပလင်းကမ်းသာယာဆင်စခန်းတွင် တန်ဆောင်မုန်းလပြည့်နေက မွေးဖွားခဲ့သည့် ဆင်မလေး ခင်လပြည့်ဌေး ကိုလည်း ဆင်စခန်းလာဆင်ချစ်သူများ အထူးချစ်ခင်မြတ်နိုးကြကာ ဆင်ပေါက်လေးနှင့် ဓာတ်ပုံတွဲရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများဖြင့် ဆင်စခန်းလာခရီးသွား ပြည်တွင်း ပြည်ပမှ ဧည့်သည်များ ပျော်ရွှင်နေကြကြောင်း သိရသည်။

 

ဆင်မကြီး ခင်ရှုမွေးမှ သူ၏သမီးလေး ခင်လပြည့်ဌေးအား ထိန်းသိမ်းစောင့်ရှောက်နေမှုအား အသဲတယားယားဖြင့် ကြည့်နေရသည်မှာ လူသားမိခင်ထက်ပင် ဆင်ကလေးအား ပိုမိုဂရုစိုက်သည်မှ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသည့်အတွက် တန်ဖိုးဖြတ်လို့မရသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း မန္တလေးမြို့မှ ပုဂံသို့ဘုရားဖူးလာရင်း ဆင်စခန်းဝင်ရောက်လေ့လာသည့် မမော်မော်က ဆင်စခန်းတွင်ဆင်ကြီး သားအမိအား မြင်တွေ့ရသည်ကို ပြောပြသည်။

 

ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့မှ ပခုက္ကူ-မြင်းခြံမြို့အထွက် ၅ မိုင်ခန့်အကွာ ပလင်းကျေးရွာအနီး၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိကာ တစ်လလျှင် ပြည်ပခရီးသွား ၁၅၀ ခန့်နှင့် ပြည်တွင်း ခရီးသွား ၄၀၀၀ ခန့် ဝင်ရောက်လျက်ရှိသည့် ဆင်စခန်းဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း