မန္တလေး  ၈   ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာအလှူရှင်များနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဓမ္မကာယ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ်မြောက် သံဃာတော်အပါး သုံးသောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၆ နာရီတွင် မန္တလေးမြို့ ချမ်းမြသာ စည်လေယာဉ်ကွင်း၌  ကျင်းပသည်။

 

အလှူတော် မင်္ဂလာအခမ်းအနားသို့   ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်   နိုင်သက်လွင်၊   ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များနှင့် ဧည့်သည်တော်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ထိုင်းနိုင်ငံမှ အလှူရှင်များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြည်ညိုကြ သည်။

 

ရှေးဦးစွာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်ယူတော်မူကြသည့် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သံလျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော်စာသင်တိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တတေဇောသာရာဘိဝံသ အမှူးပြုသော ထေကြီးဝါကြီး ဆရာတော်ကြီးများ၊ နိုင်ငံတော် ဩဝါဒစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် ပြည်ပနိုင်ငံများမှ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များအား မန္တလေးတိုင်းဒေသကြီး  လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊   ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် အလှူရှင်များက လေဆိပ်ခန်းမ ဆောင်တွင် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ဦးဇာနည်အောင်နှင့်  ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က ဖယောင်းတိုင်များအား ထွန်းညှိပူဇော်ကြပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်များက ပန်းများ ကပ်လှူပူဇော်ကြကာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို   ဖွင့်လှစ်၍  နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သံလျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံ မှ ငါးပါးသီလံ ခံယူဆောက်တည်ကြသည်။

 

69

 

ထို့နောက် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက် နာယက ဆရာတော်ကြီး လုံဖောဓမ္မချိုင်ယို၏ ဩဝါဒအသံဖိုင်ကို နာယူကြပြီး ကြွရောက်လာကြသည့် ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရား တော်များကို နာယူကြည်ညိုကာ  ထိုင်းနိုင်ငံမှ အလှူရှင် ၆ ဦးက ပစ္စည်းလေးပါးဆက်ကပ်မှုကို တိုင်တည်ရွတ်ဆို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။

 

ဆက်လက်၍ သံဃာသုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဝန်ကြီးချုပ်ကိုယ်စား ဝမ်းမြောက် စကားလျှောက်ထားရာတွင်  မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များတို့အတွက် ကုသိုလ်ဒါနမျိုးစေ့ချ၍ အနုဂ္ဂဟပူဇာမင်္ဂလာကို ဆည်းပူးဆောင်ရွက်နိုင်ကြစေရန် ယခုကဲ့သို့ ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေး ရှင်းမှ အလှူရှင်များနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်တကွ မြန်မာနိုင်ငံအတွင်းရှိ အလှူရှင်များအားလုံး တို့က ကုသိုလ်တရားများကို အစဉ်ထာဝရ တိုးပွားအောင် ဆောင်ရွက်ကြရန် အခွင့်ကောင်းအခါကောင်းကြီးကို ရရှိခဲ့ကြသည့်အတွက်လည်း နှစ်နိုင်ငံ ပြည်သူ၊ ပြည်သားများကိုယ်စား အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း လျှောက်ထားသည်။

 

ယင်းနောက်   ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ထိုင်းနိုင်ငံ အလှူရှင်များက ဝမ်းမြောက်စကား လျှောက်ထားကာ  သံဃာတော်အပါး သုံးသောင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးစိုးလင်းက ကျေးဇူးတင်စကား ပြန်လည်လျှောက်ထားသည်။

 

ယင်းနောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ သာမဏေ ကျော်စာသင်တိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တတေဇောသာရာဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို အခမ်အနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 

ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ သံဃာတော်အပါး သုံးသောင်းတို့အား     ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်  နိုင်သက်လွင်၊   ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီး ဦးဇာနည်အောင်၊ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊   မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အလှူရှင်များက သံဃာတစ်ပါးလျှင် နဝကမ္မအလှူတော်ငွေ သုံးသောင်းကျပ်စီနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းကုသိုလ်ပြု လောင်းလှူကြသည်။

 

6

 

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးသို့ မန္တလေးမြို့နှင့် အနီးဝန်းကျင်ဒေသများမှ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ယာဉ်လိုင်းများ၊ အခြေခံပညာနှင့် ကိုယ်ပိုင်းကျောင်းများမှ ကျောင်းသား ကျောင်းသူများက လုပ်အာပေး ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လာရောက်ကြသည့် ဧည့်ပရိသတ်များအား စေတနာရှင် အလှူရှင်များက  မုန့်မျိုးစုံ၊ အအေးမျိုးစုံဖြင့် ဒါနပြုလှူဒါန်း ကျွေးမွေးခဲ့ကြသည်။

 

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို  ပထမအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် သံဃာအပါး တစ်သောင်းအား မန္တလေးတောင်ခြေ၌ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် သံဃာအပါး နှစ်သောင်းအား ချမ်းမြသာစည်လေယာဉ်ကွင်း၌ လည်းကောင်း လောင်းလှူပူဇော်ခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ်မြောက်အဖြစ် သံဃာအပါးသုံးသောင်းအား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ   ကျင်းပခြင်း ဖြစ်သည်။

 

တင်မောင်၊ မင်းထက်အောင်(မန်းကိုယ်ပွား)၊

ဓာတ်ပုံ- အောင်ဖြိုးကျော်