ရန်ကုန်  ၈   ဒီဇင်ဘာ 

အောင်မြင်မှု အထည်ချုပ်သင်တန်းကျောင်းမှ ဒုတိယစီမံကိန်းကာလတွင် ဖွင့် လှစ်မည့်သင်တန်းများ မိတ်ဆက်ခြင်း၊ ထူးချွန်သင်တန်းသားများကို ဆုချီးမြှင့်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုအကောင်းဆုံး အထည်ချုပ်စက်ရုံများကို ဂုဏ်ပြုဆုပေးအပ်ချီး မြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည်။

 

a

 

အခမ်းအနားသို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊  အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့အစည်း(LIFT)၊  Care International နှင့်ဖွံ့ဖြိုးမှုမိတ်ဖက်အ ဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အောင်မြင်မှုသင်တန်းကျောင်းမှ တာဝန်ခံများ၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

 

ေ

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က မြန်မာ့အထည်ချုပ် ကဏ္ဍသည် ၂၀၁၃ ခုနှစ်ကစပြီး “ကုန်သွယ်မှုအထူးအခွင့်အရေး´´(GSP)ရခဲ့၍ မြန်မာ့လုပ်သားဈေးကွက်၌ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်၍ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါကြောင်း၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ကောက်ယူခဲ့သည့် ပထမအကြိမ် နှစ်စဉ်လုပ်သားအင်အား စစ်တမ်းအစီရင်ခံစာအရ အထည်ချုပ်လုပ် သားအင်အား ၉၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသမှ မြို့ပြသို့ပြောင်းရွှေ့ပြီး အသက်မွေးဝမ်းကျောင်းအတွက် လာရောက်ကြသော အမျိုးသမီးရွှေ့ပြောင်းလုပ်သားများဖြစ်သဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ အထည်ချုပ်ကဏ္ဍအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ပြည်ပပို့ကုန်အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကို Export တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံအထိ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ပြည်ပပို့ကုန်တင်ပို့မှု နှစ်ဆကျော်တိုးတက်လာသဖြင့် နိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြပြီး အများဆုံးလာရောက်မြှုပ်နှံကြောင်း၊ မြန်မာ့အထည်ချုပ်ကဏ္ဍကို ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်၊ ကုန်ထုတ်လုပ်မှုတိုးတက် မြင့်မားလာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ကျွမ်းကျင်လုပ်သားများဖြစ်စေရန် စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး ကျွမ်းကျင်မှုအဆင့်အလိုက် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရန် အစိုးရ၊ လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မြန်မာ့ အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာနနှင့် အောင်မြင်မှုစီမံကိန်း တို့ ပူးပေါင်း၍ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ)၌ အထည်ချုပ် ကျွမ်းကျင်သင်တန်း၊ အထည်အရည်အသွေးစစ်ဆေး ခြင်းသင်တန်း၊ အထည်ချုပ်စက်ပြင်သင်တန်း၊ ကြီးကြပ်ရေးမှူး သင်တန်း၊ အထည်ဖြတ်သင်တန်း၊ ကွန်ပျူတာဖြင့် ဒီဇိုင်းပုံဖော်ခြင်းသင်တန်း၊ အထည်ချုပ်အလုပ်အ ကိုင်ဆိုင်ရာ စီမံခန့်ခွဲရေးသင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အောင်မြင်မှုသင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ရလဒ်ကောင်းများရရှိခဲ့၍ Care International ၏ ထောက်ပံ့မှုဖြင့် အထည်ချုပ်သင်တန်းများ ဆက်လက်ပို့ချနိုင်ရန် နားလည်မှုစာချွန်လွှာ ကာလကို ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဇွန်လထိသက်တမ်းတိုး ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

 

ေ

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့်  တာဝန်ရှိသူများက အမှာစကားများပြောကြားပြီး အောင်မြင်မှုဆရာဖြစ် သင်တန်းအကြောင်းကို ဗီဒီယိုဖြင့် ရှင်းလင်းပြသသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက အောင်မြင်မှုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အထည်ချုပ်စက်ရုံများ၊ ကုမ္ပဏီများနှင့် ထူးချွန်သင်တန်းသားများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အောင်မြင်မှုအထည်ချုပ်သင်တန်းကျောင်းမှ တာဝန်ရှိသူများက စက်ရုံအတွင်း သင်တန်းများဖွင့်လှစ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို စကားဝိုင်းဖွဲ့ဆွေးနွေးကြ၍ Care International in Myanmar မှ Country Director Gary McGurk က နိဂုံးချုပ်အမှာစကားပြောကြားပြီး စက်ချုပ်နည်းပညာဆိုင်ရာ အတတ်ပညာအား အကောင်းဆုံးအကျိုးရှိစွာ အသုံးပြုနည်းကို သရုပ်ဖော်ပြသသည်။

 

ေ

 

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု``စံ´´သတ်မှတ်ပြဋ္ဌာန်ရေးအဖွဲ့အနေဖြင့် အထည်ချုပ်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် အစိုးရအထည်ချုပ် စစ်ဆေးအကဲဖြတ် ရေးဌာန၄ခု၊ ပုဂ္ဂလိက အထည်ချုပ်စစ်ဆေးအကဲဖြတ်ရေးဌာန ၂၇ ခု စုစုပေါင်း ၃၁ ခုကို အသိအမှတ်ပြုထားပြီး အထည်ချုပ်ကျွမ်းကျင်မှုအဆင့် ၁ တွင် ကျွမ်းကျင်လုပ်သား (၃၅၅၅) ဦးနှင့် အဆင့် ၂ တွင် ကျွမ်းကျင်လုပ်သား ၄၀ ကို ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ပေးအပ်ပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် အောင်မြင်မှု အထည်ချုပ်သင်တန်းကျောင်းမှ အထည်ချုပ်သင်တန်းတွင် ထူးချွန်သင်တန်းသား ၁၀ ဦးနှင့် ပူးပေါင်းဆောင်ရွက်မှုအကောင်းဆုံး အထည်ချုပ်စက်ရုံ ၁၆ ရုံကို ဂုဏ်ပြု ဆုပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)