နေပြည်တော်  ၈   ဒီဇင်ဘာ

 

ပညာရေးဝန်ကြီးဌာန ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် Myanmar Kindness Foundation တို့ပူးပေါင်း၍ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ကာလတိုသက်မွေးပညာ သင်တန်းဆင်း လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မိုင်းနား ရွှေ့ပြောင်းနေထိုင်သူများစခန်း (KBC) ၌ ကျင်းပသည်။

 

ရှေးဦးစွာ သင်တန်းသားသင်တန်းသူများက “i have a dream” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မိုင်းနားစခန်းအတွင်းရှိ ကျောင်းပြင်ပရောက် လူငယ်များအတွက် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတို သင်တန်းများဖြစ်သော House Wiring သင်တန်း၊ Sewing သင်တန်း၊  Hospitality Basic Courses သင်တန်းများကို MHTi- Myanmar Hospitality & Tourism Institute နှင့်  အစိုးရနည်းပညာ အထက်တန်းကျောင်း (မြစ်ကြီးနား) ရှိ ဆရာ၊ ဆရာမများပူးပေါင်း၍ နိုဝင်ဘာ ၅ ရက် မှ ဒီဇင်ဘာ ၆ ရက်အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားလေ့ကျင့် ပေးခဲ့ပါကြောင်း၊ သင်တန်းသို့ မိုင်းနား(KBC) စခန်း၊ ဝိုင်းမော်မြို့၊ ပူတာအိုမြို့၊ မိုးကောင်းမြို့၊ ဖားကန့်မြို့၊မိုးညှင်းမြို့၊ မန်စီမြို့နှင့် မြစ်ကြီးနားမြို့ အနီးအနားရှိကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး House Wiring  သင်တန်းတွင် တက်ရောက်ပြီးစီးသူ (၃၁)ဦး၊  Sewing သင်တန်း တွင် တက်ရောက်ပြီးစီးသူ(၁၇)ဦးနှင့်  Hospitality Basic Courses သင်တန်းတွင် တက်ရောက်ပြီးစီးသူ (၃၅)ဉီး၊  စုစုပေါင်း(၈၃)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်းများတိုးချဲ့နိုင်ရေး ပံ့ပိုးဆောင်ရွက်နေသကဲ့သို့ အရည်အသွေးပြည့်ဝသည့် TVET သင်ကြားသင်ယူလေ့ကျင့် ရေးစနစ်ဖြစ်ပေါ်လာစေရေးကိုလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊  IDP စခန်းနှစ်ခုဖြစ်သည့် (မိုင်းနား KBC နှင့် မိုင်းနား RC) စခန်း(၂)ခု လုံးရှိ လူငယ်များနှင့် တွေ့ဆုံဆွေးနွေးချက်အရ လူငယ်များ တက်ရောက်လိုသည့် စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ ကားမောင်းသင်တန်း၊ ဆိုင်ကယ်ပြင် သင်တန်း၊ ကားပြင်သင်တန်း၊ မိုဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်း၊ အလှပြင်သင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်း၊ မုန့်ဖုတ်သင်တန်း၊ လျှပ်စစ်သွယ်တန်းခြင်းသင်တန်းများကို ထပ်မံဖွင့်လှစ်နိုင်ရေး ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

သက်မွေးပညာသင်တန်းကို အရည်အချင်းရှိစွာ သင်ယူတတ်မြောက်ပြီးပါက ဒေသအတွင်း၊ နိုင်ငံအတွင်း ၌ အလုပ်အကိုင်ကောင်းများရရှိကာ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိစေပြီး လူနေမှုဘဝ ပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း၊ သင်ယူတတ်မြောက်ပြီးသည့် သက်မွေးပညာရပ်အပေါ် အခြေခံ၍ ပိုမိုအဆင့်မြင့်သော သက်မွေးပညာရပ်များကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ကချင်ပြည်နယ်အတွက် ကျွမ်းကျင်လုပ်သားနှင့်အသိပညာရှင် အတတ်ပညာရှင်များ ရရှိလာစေနိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်မည့် လူ့စွမ်းအား အရင်းအမြစ်များလည်း ရရှိလာစေနိုင်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လိုအပ်ချက်အခြေပြု သက်မွေးပညာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြသော အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ပါကြောင်း စသဖြင့် ပြောကြားသည်။

 

ဆက်လက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ဝမ်းမြောက် စကားပြောကြားသည်။

 

ယင်းနောက် Myanmar Kindness Group Foundation မှဒေါ်ခင်မာလာ၊ MHTi- Myanmar Hospitality& Tourism Institute မှ ကျောင်းအုပ်ကြီး ဦးအောင်မြစိုး တို့က သင်တန်းသားသင်တန်းသူ တို့အား နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းအလိုက် ထူးချွန်ကျောင်းသား ကျောင်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ရာ သင်တန်းသား သင်တန်းသူများက လက်ခံရယူကြသည်။

 

ယင်းနောက် Myanmar Kindness Group Foundation မှ အမှတ်တရ လက်ဆောင်များပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ရွှေ့ပြောင်းစခန်းများမှ KG နှင့် GRADE(1) ကျောင်းသား၊ ကျောင်းသူများအား ကျောပိုးအိတ်များလက်ဆောင် ပေးအပ်သည်။

 

ထို့နောက် သင်တန်းသားသင်တန်းသူများကိုယ်စား မိုင်းနားရွှေ့ပြောင်း နေထိုင်သူများစခန်း(KBC)  တာဝန်ခံ ဦးဇော်လုံးက ကျေးဇူးတင်စကား ပြောကြားသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက စာတွေ့လက်တွေ့ သင်တန်းခန်းမများကို လှည့်လည်ကြည့်ရှုကြသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကချင်ပြည်နယ်ရှိ အခြေခံပညာဆရာ ဆရာမများ၊ ပညာရေး မိသားစုများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေး၊ အခက်အခဲများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို ရင်းနှီးစွာတွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)