ပူတာအို ၈ ဒီဇင်ဘာ
မြန်မာ-ကိုရီးယားဇီဝအရင်းအမြစ်များဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဒုတိယဝန်ကြီး အဆင့် ပဉ္ဓမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ် ပူတာအိုမြို့ Hotel Putao ၌ ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ကိုရီးယားသမ္မတနိုင်ငံပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Park Chun kyoo တို့က အဖွင့်အမှာစကားပြောကြားကြပြီး ကိုရီးယား သမ္မတနိုင်ငံ အမျိုးသားဇီဝအရင်းအမြစ်များသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် Dr.Se Chang Ahn က မြန်မာ-ကိုရီးယား နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသုတေသနရလဒ်များအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က မဲခေါင်-ကိုရီးယားဇီဝမျိုးစုံမျိုးကွဲစင်တာ တည်ထောင်နိုင်ရေးစီမံကိန်းနှင့် ပတ်သက်၍ အရှေ့တောင် အာရှနိုင်ငံများတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအတွက် ဗဟိုအချက်အချာကျသော မြန်မာနိုင်ငံတွင်ရွေးချယ်ဆောင်ရွက်သဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံမြောက်ဘက်စွန်း ခါကာဘိုရာဇီရေခဲတောင်အပါအဝင် ကုန်းမြင့်ဒေသများသည် ဇီဝမျိုးစုံမျိုးကွဲ အလွန်ပေါကြွယ်ဝသော ဒေသဖြစ်သကဲ့သို့ မြန်မာနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်း ဒေသများတွင်လည်း ဒီရေတောဂေဟစနစ် ပေါကြွယ်ဝသဖြင့် မြန်မာနိုင်ငံသည် တောင်ပေါ်တော ဂေဟစနစ်မှ ဒီရေတောဂေဟစနစ်အထိမျိုးစုံပါဝင်ပြီး အခြားနိုင်ငံများနှင့် သွားလာ ဆက်သွယ်ရာတွင်လည်း အလယ်ဗဟိုကျသောနိုင်ငံဖြစ်၍ စင်တာတည်ဆောက်ခြင်း စီမံကိန်းမှန်ကန်ကြောင်း ဆွေးနွေးသည်။
ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက မဲခေါင်-ကိုရီးယားဇီဝမျိုးစုံမျိုးကွဲစင်တာတည်ထောင်နိုင်ရေး စီမံကိန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ချပြဆွေးနွေးသည်။
ထို့နောက် သစ်တောဦးစီးဌာန သဘာဝ၀န်းကျင်နှင့် သားဌက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဇော်ထွန်းက မဲခေါင်-ကိုရီးယားဇီဝမျိုးစုံမျိုးကွဲစင်တာအား မြန်မာနိုင်ငံ၌ တည်ထောင်ခြင်းနှင့် စွမ်းဆောင်ရည်မြင့်တင်ခြင်းစီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးသည်။
ကိုရီးယားသမ္မတနိုင်ငံ ဇီဝအရင်းအမြစ်များသိပ္ပံဌာန သုတေသနမှူး Dr.Jae-Shin Kang က ခါကာဘိုရာဇီဇီဝမျိုးစုံမျိုးကွဲသုတေသနစခန်းနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအားရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာသည့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ကိုယ်စားလှယ်များက အသုံးဝင်ဇီဝအရင်းအမြစ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှု သုတေသနလုပ်ငန်းများ မြှင့်တင်နိုင်ရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


