နေပြည်တော် ၉   ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း နည်းပြသင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းတွင် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး ဗဟိုကော်မတီဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကြားဖြတ်လူဦး ရေသန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်အဆင့် ကိုယ်စားပြု နမူနာကောက်ကွက်ပေါင်း(၄၀၀၀)ကျော်ကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက်(၄)သုတ်ခွဲကာ ကောက်ယူ သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ကောက်ယူနိုင်ရေးအတွက် ယခုကဲ့သို့ နည်းပြသင်တန်းကိုလည်း (၄) သုတ်ခွဲကာ ဖွင့်လှစ်ရခြင်းဖြစ်ပြီး ယခုနည်းပြ သင်တန်းသည် နောက်ဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း။

 

ကြားဖြတ်လူဦးရေသန်း ခေါင်စာရင်းကို ယခင်ကဲ့သို့ မေးခွန်းစာရွက်များဖြင့် မေးမြန်းကောက်ယူခြင်းမျိုး မဟုတ်ဘဲ Mobile Tablet ဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်း စာရင်းကောက် ယူသည့်စနစ်ကို အသုံးပြုကောက်ယူသွားမည် ဖြစ်ပါကြောင်း။

 

ပထမသုတ်အဖြစ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့တွင် ယခုအခါ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူပြီးစီးပြီဖြစ်ပြီး ဒုတိယသုတ်အဖြစ် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ခရိုင်အဆင့် စာရင်းကောက်သင်တန်းများ ဖွင့်လှစ်ပြီးဖြစ်ပြီး ဒီဇင်ဘာ (၁၁) ရက်မှစ၍ ကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ တတိယသုတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ခရိုင်အဆင့်သင်တန်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိပြီး စာရင်းကောက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ (၂) ရက်တွင် ကောက်ယူသွားမည်ဖြစ်ပါကြောင်း။

 

ယခု စတုတ္ထသုတ်နည်းပြသင်တန်းအား ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ နည်းပြသင်တန်းသားများဖြင့် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး ခရိုင်အဆင့် သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၆) ရက်တွင် စာရင်းကောက်ယူသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Nalida က ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်တွင်  ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိသည့် လုပ်ငန်းအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယခုစတုတ္ထသုတ် ဖွင့်လှစ်သည့် နည်းပြသင်တန်းအမှတ်စဉ် (၄) တွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ နည်းပြဆောင်ရွက်မည့် သက်ဆိုင်ရာခရိုင် ဦးစီးမှူးရုံးများမှ အရာထမ်း (၃၁)ဦးနှင့်  ဒေသခံလူငယ် (၆၂) ဦး၊ ပြည်သူ့အင်အားဦးစီးဌာန (ရုံးချုပ်)မှ (၃၇) ဦး စုစုပေါင်း သင်တန်းသား/ သင်တန်းသူ(၁၃၀)ဦး တက်ရောက်၍ သင်တန်းကာလ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)