၉ ဒီဇင်ဘာ

 

နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ယနေ့နံ့နက်ပိုင်း၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်တို့နှင့် ပတ်သက်၍ လေ့လာဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ မသန်စွမ်းမှုဆိုင်ရာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းအတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ နိုင်ငံသူ၊ နိုင်ငံသားတိုင်း၏ လူ့အခွင့်အရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ တိုးတက်ပြောင်းလဲမှုများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဉပဒေပြဋ္ဌာန်းဆောင်ရွက်ခြင်း၊ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီအဆင့်ဆင့်အပြင် ဆပ်ကော်မတီ(၉)ခု ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ အထူးသဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကော်မတီမှ သုံးသပ်ပေးပို့လာသည့် Concluding Observation တို့ကို နယူးဇီလန်နိုင်ငံ အပါအဝင် မိတ်ဖက်နိုင်ငံများနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များဖြစ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အပြည့်အဝရရှိစေရေး ဆောင်ရွက်နိုင်ရေးအတွက် အထောက်အထား အခြေပြုသော မသန်စွမ်းသူများ၏ ပါဝင်ဆောင်ရွက်မှုတို့ကို အလေးထားသည့်  နိုင်ငံတော်အဆင့် မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းအစီအစဉ်တို့ကို နိုင်ငံတော်အစိုးရက ဦးဆောင်ရေးဆွဲ ဆောင်ရွက်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD)အား ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများက ကဏ္ဍအလိုက် လုပ်ငန်းအစီအစဉ်တို့ကို ချမှတ်ဆောင်ရွက်ရေးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်စွမ်းဆောင်ရည် မြင့်မားစေရေး၊ UNCRPD ကို အကောင်အထည်ဖော်မှုအတွက် လွတ်လပ်သော စောင့်ကြည့်အကဲဖြတ်သည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသည့် လက်လှမ်းမီဝန်ဆောင်မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ မသန်စွမ်းသူ တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ယုံကြည်ချက် မြင့်မားလာစေရန် ပံပိုးကူညီမှုပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် Sport New Zealand မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် မသန်စွမ်းမှုအလိုက် ကျန်းမာပျော်ရွှင်စေရန် လေ့ကျင့်ဆောင်ရွက်ပေးရေးနှင့် မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးမှုအပါအဝင် မသန်စွမ်းသူများ၏ အားကစားနှင့် အပန်းဖြေ အနားယူခွင့်ရရှိရေးတို့နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)