မန္တလေး  ၉   ဒီဇင်ဘာ 

ကမ္ဘာ့ဘဏ်အုပ်စုသည် မြန်မာနိုင်ငံ၏ (၂၀၂၀-၂၀၂၃) (၄)နှစ်အတွင်း ဆောင်ရွက်သွားမည့် ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များနှင့်စပ်လျဉ်းသည့် မဟာဗျူဟာတစ်ရပ်ရေးဆွဲလျက်ရှိရာ သက်ဆိုင်ရာပညာရှင်များ၊ အဖွဲ့အစည်း အသီးသီး၏ အကြံပြုချက်များရယူနိုင်ရန် ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်း အကြံပြု ဆွေးနွေးပွဲကို မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ရှိ Pullman Hotel တွင် ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယ့ဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကမ္ဘာ့ဘဏ်အုပ်စုကိုယ်စားလှယ် ဒေါ်မာမာ က မိတ်ဆက်စကားပြောကြားပြီး ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာတွင် အဆိုပြုထားသော မဟာဗျူဟာအတွက် ဖော်ထုတ်ထားသည့် အဓိကနယ်ပယ်(၃)ခုဖြစ်သော (၁)လူသားအရင်းအမြစ်များ တည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းမှုရှိသော လူမှုပတ်ဝန်းကျင်အားမြှင့်တင်ခြင်း၊(၂) တာဝန်ယူမှုရှိသော ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်သည့် တိုးတက်မျုနှင့် လူတိုင်းပါဝင်နိုင်စွမ်းရှိသည့် စီးပွားရေးအခွင့်အလမ်းများမြှင့်တင်ခြင်း၊(၃) ရာသီဉတု ဘေးအန္တရာယ်ဒဏ်ခံနိုင်၍ ရေရှည်တည်မြဲသည့် သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုများမြှင့်တင်ပေးခြင်း အစရှိသည်များအား ဆွေးနွေးပြောကြားရာ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်း၍ ပြန်လည်အကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါ အကြံပြုဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်အုပ်စုမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)