နေပြည်တော်  ၉   ဒီဇင်ဘာ

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးတွဲကျင်းပသည့် ဘဏ္ဍာရေးနှင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဉီးခရိုင်၊ ပုဂံမြို့၊ သီရိပစ္စယာဟိုတယ်တွင် ဒီဇင်ဘာ  ၆ ရက်နှင့် ၇ ရက်များတွင် ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan – MSDP) တွင်ပါရှိသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အားကောင်းရေးဆိုင်ရာ Strategic Action Plan များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုမဟာဗျူဟာ (Public Finance Management Strategy) အား အကောင်အထည်ဖော်မှု အခြေအနေများ၊ ဒုတိယအကြိမ် အစိုးရအသုံးစရိတ်နှင့် ဘဏ္ဍာရေး တာဝန်ယူမှုဆိုင်ရာ (Public Expenditure and Financial Accountability)  အကဲဖြတ် သုံးသပ်မှု အစီရင်ခံစာအရ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များ တိုးတက်ဖြစ်ပေါ်လာမှုများနှင့် မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစီမံကိန်း (ပထမအဆင့်) ၏ အောင်မြင်မှုရလဒ်များ၊ ပြည်သူ့ဘဏ္ဍာ ရေးစီမံခန့်ခွဲမှုစီမံကိန်း (ဒုတိယအဆင့်)တွင် ဆက်လက် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဉီးစီးဌာနများမှ ဌာနဆိုင်ရာအရာရှိကြီးများ၊ မေခရိုစီးပွားရေး စီမံခန့်ခွဲမှု ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအဖွဲ့ (Macroeconomic Management Sectoral Coordination Group)၏ လုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှအဖွဲ့ဝင်များနှင့်ကမ္ဘာ့ဘဏ်၊ DFID (UK) နှင့် DFAT (Aus-aid)တို့မှ ကိုယ်စားလှယ် တက်ရောက်ခဲ့ကြသည်။

 

မြန်မာနိုင်ငံတွင် ပြည်သူ့ဘဏ္ဍာရေးခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို ၂၀၁၄ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ သိသာထင်ရှားသော အောင်မြင်မှုရလဒ်များ ရရှိခဲ့ပြီးနောက် ယခုအခါ စီမံကိန်းဒုတိယအဆင့်အတွက် ဆက်လက် ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

 (သတင်းစဉ်)