နေပြည်တော်  ၉   ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ အစီရင်ခံစာပြုစုရေးအတွက် အကြံပြုညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ  လွှတ်တော်ရေးရာဆောင် I-20  ၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဉက္ကဋ္ဌ ဦးအေးသာအောင် က  ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ ဒုတိယအကြိမ်မူကြမ်းကို  ပြင်ဆင်၊ ဖြည့်စွက်ရန် ပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ပထမအကြိမ် မူကြမ်းကို ကော်မတီဝင်များ၏ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကိုအခြေခံ၍ ဒုတိယမူကြမ်းကို ရေးသားပြုစုခဲ့ပါကြောင်း၊ ကော်မတီဝင်များ ၏ အကြံပြုချက်များကို အခြေခံပြီး တတိယမူကြမ်းကို ထပ်မံ၍ပြုစုရေးသားမည်ဖြစ်ပါကြောင်း၊ ယနေ့ ဒုတိယအကြိမ်မူကြမ်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်နှင့် ပြင်စရာများရှိပါက ပြင်ပြီး၊ ဖြည့်စွက် စရာရှိပါက ဖြည့်စွက် ပေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက်  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်  က အစီရင်ခံစာမူကြမ်းအား ပရိုဂျက်တာဖြင့် တစ်ပိုဒ်ချင်းစီရှင်းလင်း ပြသသည်။

 

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက  အဆိုပါမူကြမ်းအား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသည့်  အချက်တို့ကို  ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ 

 

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဉက္ကဋ္ဌ  ဉီးအေးသာအောင်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ  ဒုတိယဉက္ကဋ္ဌ (၁) ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ ဉက္ကဋ္ဌ(၂) ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဉီးညီပု၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊  ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒေါက်တာ ညီလှငယ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူတို့ တက်ရောက်ကြသည်။

 

(သတင်းစဉ်)