နေပြည်တော် ၉ ဒီဇင်ဘာ
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကျင်းပနိုင်ရေး မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခုကျင်းပမည့် ရောင်းချပွဲတွင် နိုင်ငံသားများကိုသာ တက်ရောက်ခွင့်နှင့် ဝယ်ယူခွင့်ပြုမည်ဖြစ်ပါကြောင်း၊ ရောင်းချပွဲအကြိုကာလမှစ၍ လုံခြုံရေး ကောင်းမွန်စေရေး သက်ဆိုင်ရာလုပ်ငန်း ကော်မတီများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် ရောင်းချပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ယခင်ကျင်းပခဲ့သည့် ပြပွဲများ၏ အားသာချက်၊ အားနည်းချက် များအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားကြစေလို ပါကြောင်း။
မြန်မာနိုင်ငံအတွင်း ကျောက်မျက်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပွင့်လင်းလာစေရေးတို့အတွက် ကျောက်မျက်ရတနာထွက်ရှိသည့် ဒေသများနှင့် ကျောက်မျက်ဈေးကွက် ဖြစ်ထွန်းနိုင်သည့် နေရာများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှု၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းတို့၏ ဦးဆောင်မှုဖြင့် မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရတနာ ရောင်းချပွဲများ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့် ပြပွဲများတွင် ကျောက်မျက်ရတနာများ တင်ပြရောင်းချပြီး သတ်မှတ်ခွန်အခများ အပြည့်အဝ ပေးဆောင်ခြင်းဖြင့် နိုင်ငံသား တာဝန်ကျေပွန်သော လုပ်ငန်းရှင်များဖြစ်လာစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီမံရေးရာကော်မတီ၊ ကျောက်စိမ်းလုပ်ငန်းကော်မတီ၊ ကျောက်မျက်လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ဗဟိုကော်မတီက အတည်ပြုဆုံးဖြတ်ပေးရန် လိုအပ်သည့်အချက်များနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီဝင်များက ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေ ဖြင့်ရောင်းချပွဲ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံသား ကျောက်မျက်ရတနာ အချောထည်လုပ်ငန်းရှင်များ ကုန်ကြမ်းပြတ်လပ်မှု မရှိစေရေး၊ အချောထည် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရေးနှင့် ပြည်ပသို့တရားမဝင်ရောင်းချခြင်းများ တားဆီးနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)