မန္တလေး ၉ ဒီဇင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆန်ဟွာ ကချင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးထွန်းတင်၊ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၆ နာရီတွင် RBE အထူးရထားဖြင့် မြစ်ကြီးနားဘူတာမှ ထွက်ခွာလာပြီး မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအဆင့် မြှင့်တင်ရေးစီမံကိန်း ပထမဦးစားပေးအဖြစ် မြစ်ကြီးနား-မော်ဟန်-ကာဒူ လမ်းပိုင်းအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားဘူတာ၊ မိုးကောင်းဘူတာ၊ မိုးညှင်းဘူတာ၊ ကာဒူဘူတာ၊ မော်ဟန်ဘူတာများသို့ ရောက်ရှိခဲ့ပြီး ရထားလမ်းပိုင်းများ၊ တံတားများ၊ ဘူတာများ ပြုပြင်သွားမည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မော်ဟန်-ကာဒူလမ်းပိုင်းနှင့် မဲဇာ-ဘုံချောင်း-နမ်းခမ်း-ဂျိုးထောင်ရထား လမ်းပိုင်းများအား အဓိကထားပြုပြင်သွားမည်ဖြစ်ကြောင်း မှာကြားသည်။
အဆိုပါ ရထားလမ်းပိုင်းအဆင့်မြှင်တင်ရေးစီမံကိန်းအား ကိုရီးယားသမ္မတနိုင်ငံ Economic Development Cooperation Funt (EDCF) ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး မဲဇာ-ဂျိုးထောင် ရထားလမ်းပိုင်းအား ၂၀၁၆ ခုနှစ်၊ မေလမှ အောက်တိုဘာလအထိ လည်းကောင်း၊ မော်ဟန်-ကာဒူ လမ်းပိုင်းအား ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၈ ခုနှစ်၊ မေလအထိ လည်းကောင်း၊ ဖြစ်မြောက်နိုင်ခြေလေ့လာမှု Feasibility Study(F/S) များ ပြုလုပ်ခဲ့ပြီးနောက် လမ်းပိုင်း (၂)ခုစလုံးအတွက် Report အား အတည်ပြုခဲ့သည်။
အဆိုပါ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ခရီးသည်နှင့် ကုန်စည်များကို ပိုမိုတိုးမြှင့်ပို့ဆောင်ပေးနိုင်ခြင်း၊ ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေနိုင်ခြင်း၊ ရထားပို့ဆောင်ရေးလုပ်ငန်းအတွက် ကုန်ကျစရိတ်များ လျော့ကျစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးတွေ ရရှိလာနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံဒေသ အနှံ့အပြားနှင့် ကချင်ပြည်နယ်အကြား လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကဏ္ဍအသီးသီး တိုးတက်လာမှာဖြစ်သည်။
ယင်းရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကိုရီးယားနိုင်ငံ၏ အဆင့်မြင့် နည်းပညာများဖြင့် ဆောင်ရွက်သွားမည်ဖြစ်၍ မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် နည်းပညာများ လွှဲပြောင်းရရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)