နေပြည်တော်  ၉    ဒီဇင်ဘာ

 

ရန်ကုန်မြို့ပြ လူထုရထား ပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၅)တွင် ကျင်းပသည်။

 

အစည်းအဝေးတွင် ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (Yangon Urban Mass Rapid Transit – YUMRT) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင်က ယနေ့ကျင်းပသည့် အစည်းအဝေးသည် ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစီမံကိန်းအကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ ပါရမီလမ်းနှင့်ရန်ကုန်-ပုသိမ်လမ်း တစ်လျှောက်၌ စီမံကိန်းအတွက် လိုအပ်သော မြေနေရာရရှိနိုင်ရေးနှင့် မြေယာလျော်ကြေး ပေးချေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်း ကြီးကြပ် အကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်နိုင်ရေး ကိစ္စရပ်များနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပေးရန် ပြောကြားသည်။

 

ထို့နောက် JICA Study Team ကစီမံကိန်း တိုးတက်မှုအခြေအနေများ၊ ဦးဆောင်ကော်မတီက ဆုံးဖြတ်ပေးရမည့် ကိစ္စရပ်များနှင့် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)