ရန်ကုန်  ၉    ဒီဇင်ဘာ

 

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အလုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့လာသည့် သဝဏ်လွှာကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထိမ်းအမှတ် အမှာစကား ပြောကြားသည်။

 

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး အခြေခံသဘောတရားနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

 

၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက် ၅၈/၄ ဖြင့်  ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသဘောတူ လက်မှတ်ရေးထိုးကာ နှစ်စဉ် ဒီဇင်ဘာ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သက်မှတ်ခဲ့သည်။ ယခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ဦးတည်ချက် ဆောင်ပုဒ်မှာ  “အဂတိလိုက်စားမှု ဆန့်ကျင်ရေးအတွက် ကျွန်ုပ်တို့အားလုံး စုပေါင်းညီညွတ်ကြပါစို့” ဟူ၍ ဖြစ်သည်။

 

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က ရိုက်ကူးထားသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။

 

ထို့နောက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ် အခြေခံ ပညာမူလတန်း၊ အလယ်တန်းအဆင့်ဆုရ ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး စာစီစာကုံး၊ တေးသရုပ်ဖော်၊ ကဗျာသရုပ်ဖော်၊ Role Play ပြိုင်ပွဲများမှ ဆုရရှိသူများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ ချီးမြှင့်သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သတင်း..ညွန့်ကိုကို၊ ဓာတ်ပုံ..ဖိုးထောင်