ရန်ကုန် ၉ ဒီဇင်ဘာ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့တော်ခန်းမ အစည်းအဝေးခန်းမ(၄)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဉီးမောင်မောင်စိုး တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ဂျပန်နိုင်ငံ၊ ဖူကူအိုကာနှင့် ရန်ကုန်မြို့တို့သည် ညီအစ်မမြို့တော်အဖြစ် လက်မှတ်ရေးထိုးခဲ့သည်မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပြီး ယခုအခါ (၃)နှစ်ပြည့်ပြီဖြစ်ကြောင်း၊ အဆိုပါ ၃ နှစ်အတွင်း အမှိုက်ကိစ္စနှင့်ရေ ကိစ္စတို့ကိုပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဖူကူအိုကာမြို့သည် ရေအလေအလွင့်ဆုံးရှုံးမှု လွန်စွာ နည်းပါးသော မြို့ဖြစ်သည့် အတွက် ရန်ကုန်မြို့ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးပြီး စနစ်တကျ ရှိစေရန် အတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ နောင်အခါတွင် မြို့သစ်စီမံကိန်းများနှင့် အထပ်မြှင့် အဆောက်အအုံများ ဖြစ်လာမည်ဖြစ်သည့်အတွက် မီးနှင့်ရေသည် လိုအပ်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် လူ့စွမ်းအားအရင်းအမြစ် အသုံးပြုမှုနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လမ်း၊ သန့်ရှင်းရေးနှင့် ပန်းဥယျာဉ် နှင့်ပတ်သက်၍ စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းနှင့်ပတ်သက်၍ ပြုပြင်မှုများ များစွာ ပြုလုပ်ခဲ့ပြီး ယာဉ်ကြောကျပ်တည်းမှုများကိုလည်း ဖြေလျော့နိုင်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ မီးပွိုင့် များကိုလည်း ပြင်ဆင်တပ်ဆင်ခဲ့ပြီး လမ်းလည်တိုင်များက အစ သစ်လွင်တောက်ပသော ဆေးများဖြင့် ချယ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့နီတိ စာမေးပွဲကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကျင်းပပေးလျှက်ရှိပြီး ပြိုင်ပွဲအတွက် ဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမှုသည် လူတို့၏အရည်အသွေးနှင့် လူသားပို၍ ဆန်လာစေရန်ဖြစ် ကြောင်း၊ လာမည့်နှစ်သစ်တွင် နှစ်ဦးဓမ္မသဘင်ကို ပြည်သူ့ ရင်ပြင်၌ ကျင်းပမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ကို မဟာဗန္ဓုလပန်းခြံတွင်ကျင်းပမည်ဖြစ်ကာ နံနက်ပိုင်း လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားမည်ဖြစ်ပြီး ညနေပိုင်းတွင် လွတ်လပ်ရေး အောင်ပွဲ သဘင်ကို ကျင်းပသွားရန် စီစဉ်ထားကြောင်း၊ ယင်းတို့နှင့်ပတ်သက်ပြီး မီဒီယာများအနေဖြင့် ဝိုင်းဝန်း ပံ့ပိုးပေးစေလိုပြီး အကြံဉာဏ်များလည်းပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သတင်းမီဒီယာများက ဝန်ကြီးများရုံးတွင် Spa ဆိုင် ဖွင့်မှုကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ကြည့်မြင်တိုင်ငါးဈေးရွေ့ပြောင်းမှုနှင့် ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေ၊ ကွမ်းယာဆိုင်များမှ မူးယစ်ဆေးဝါးများ ဖြန့်ချိနေသည်ဆိုသည့် သတင်းထွက်ပေါ်မှုအပေါ် အရေးယူ ဆောင်ရွက်မည်အခြေအနေ၊ ပန်းခြံများတွင် စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပန်းခြံများအခြေအနေ၊ ရန်ကုန်မြို့ရှိ မြို့နယ်များတွင် အထပ်မြှင့်အဆောက်အဦး ဆောက်လုပ်ရာတွင် အရေးပေါ် လှေကားများ တပ်ဆင်မှုနှင့် တပ်ဆင်မှုမရှိပါက မည်သို့အရေးယူဆောင်ရွက်မည်ဆိုသည့် အခြေအနေ၊ ကမ်းနားလမ်းညဈေးတွင် ဈေးသည်များရောင်းချမှုမရှိခြင်းနှင့်ပတ်သက်ပြီး မည်သို့ ဆောင်ရွက်မည် ဆိုသည့် အခြေအနေ၊ စက်သုံးဆီများ ဝယ်ယူနေမှုနှင့်သုံးစွဲမှုအခြေအနေ၊ တရုတ်ဘာသာဖြင့် ရေးသား ထားသော စားသောက်ဆိုင်များအား ခွင့်ပြုနေမှုအခြေအနေ၊ မြို့သစ်နေရာအချို့တွင် အဆောက်အဦများဆောက်လုပ်ရာ၌ ဆိုင်းဘုတ် (အစိမ်း)မတင်ဘဲ ငွေကြေးဖြင့် ဆောင်ရွက်နေမှု၊ တရားမဝင် ဆောက် လုပ်နေမှု အခြေအနေနှင့်မည်သို့ အရေးယူဆောင်ရွက်မည်ဆိုသည့်အခြေအနေ၊ ကွန်ကရစ်လမ်းများ ဖောက်လုပ်ရာတွင် ရေပိုက်များပြုလုပ်နေမှုနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက် သွားမည်ဆိုသည့် အခြေ အနေ၊ ငလျင်ဒဏ်ကြောင့် ယိမ်းယိုင်သွားသော အဆောက်အဉီများအား မည်သို့ဆက်လက်ဆောင်ရွက် သွားမည်ဆိုသည့်အခြေအနေ၊ မီးပွိုင့်များ တပ်ဆင်မှုနှင့်ပတ်သက်၍ ထပ်မံတပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဖူကူအိုကာမြို့နှင် ကဏ္ဍအလိုက် လက်မှတ် ရေးထိုးမှုအခြေအနေနှင့် စွန့်ပစ်အမှိုက်မှ လျှပ်စစ်စွမ်းအားထုတ်လုပ်မှုအခြေအနေတို့ကို မေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ ဌာနမှူးများက ပြန်လည် ရှင်းလင်းဖြေကြားကြပြီး ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ ဦးဝင်းမြင့်သန်း၊ ဦးသူရအောင်နှင့် ဒေါ်နန့်စုရွှေစင်တို့က ဖြည့်စွက်ရှင်းလင်းပြောကြားကြကာ မီဒီယာ တွေ့ဆုံပွဲကို ညနေ(၄)နာရီတွင် ရုပ်သိမ်းလိုက်သည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း