ညောင်ဦး  ၁၀    ဒီဇင်ဘာ      

 

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ် အေးရွာကျေးရွာနှင့် ဇီးဇမျှင်ကျေးရွာတို့တွင် ဒီဇင်ဘာ ၉ ရက်  နံနက် ၉ နာရီက တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု(၅၀)ရာခိုင်နှုန်း မီးလင်းနိုင်ခြင်းကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်သုံး မီတာများ အလုံးအရင်းဖြင့် မီတာတပ်ဆင် ဆောင်ရွက်ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

05

 

အခမ်းအနားတွင် ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရှေးရှင်း ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်က နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ထောင်စု(၅၀)ရာခိုင်နှုန်းကို လျှပ်စစ်မီးလွှမ်းခြုံအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်းနှင့် ဒေသခံ ကျေးလက်နေပြည်သူများအနေဖြင့် လျှပ်စစ်မီးကို အန္တရာယ်ကင်းစွာ စနစ်တကျ သုံးစွဲကြရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

896

 

ထို့နောက် ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင် ဦးဆောင်သော မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင် နှင့် လျှပ်စစ်ဝန်ထမ်းများအဖွဲ့က အေးရွာကျေးရွာရှိ ဒေသခံ ပြည်သူများအတွက် အိမ်သုံးမီတာ ၅၈ လုံး နှင့် ဇီးဇမျှင်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် အိမ်သုံး မီတာ ၂၁ လုံးတို့အား တစ်နိုင်ငံလုံး အိမ်ထောင်စု(၅၀) ရာခိုင်နှုန်း မီးလင်းနိုင်ခြင်းကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အခမဲ့ တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြပြီး အခမ်းအနား တက်ရောက်လာသည့် ကျေးရွာနေပြည်သူများကို လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

8932

 

ရဲဝင်းနိုင် ( ညောင်ဦး )