ဘားအံ ၁၀ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာများ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေရေး၊ သဘာဝဘေးဒဏ်များ ကျရောက်လာပါက ခုခံကာကွယ်နိုင်စွမ်းရှိစေရေးအတွက် ရည်ရွယ်ချက်များဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ ဖွင့်ပွဲကို ဒီဇင်ဘာ ၉ ရက်နေ့က နံနက် ၉ နာရီက ဘားအံမြို့ရှိ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လှုမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောက်က အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလင်းထွဋ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ဘားအံမြို့နယ်အတွင်းရှိ ကော့ရင်းအထက်ကျေးရွာမှ သင်တန်းသား သင်တန်းသူ(၃၀)၊ မရင်းကုန်းကျေးရွာမှ သင်တန်းသား သင်တန်းသူ ၃၀ စုစုပေါင်း သင်တန်းသား သင်တန်းသူ(၆၀)အား ဒီဇင်ဘာ ၉ ရက်နေ့မှ ဒီဇင်ဘာ ၁၃ ရက်နေ့ထိ သင်တန်းကာလ(၅)ရက်တိုင် ဘေးအန္တရာယ်ဆိုင်ရာဝေါဟာရများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အယူအဆနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်အကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေး လျော့ပါးသက်သာရေးနည်းလမ်းများ၊ ငလျင်အကြောင်း သိကောင်းစရာ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စသည့် အခြေခံသင်ခန်းစာများကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)