နမ္မတူ ၁၀ ဒီဇင်ဘာ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲ၊ အလယ်တန်း အဆင့် မြန်မာစာ စာလုံးပေါင်း သတ်ပုံမှန်ပြိုင်ပွဲနှင့် ရုပ်ပုံပြပုံပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉)နာရီ က ကျင်းပခဲ့သည်။

ရှေးဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက ကျောင်းသား ကျောင်းသူကလေးငယ်များ စာကြည့်တိုက်နှင့် ပိုမိုကျွမ်းဝင်ကာ အသိပညာဗဟုသုတ တိုးပွားစေရန်၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံမှန်များ ခွဲခြားသိရှိစေရန်၊ အများရှေ့ တွင် ပြောနိုင်၊ ဆိုနိုင်၊ ဆွေးနွေးနိုင်စွမ်း တိုးတက်လာစေရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာစာ စာလုံးပေါင်း သတ်ပုံမှန်ပြိုင်ပွဲနှင့် ရုပ်ပုံပြပုံပြောပြိုင်ပွဲ ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းအား အသိပညာပေး ဟောပြောခဲ့သည်။

၎င်းနောက် (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် မြန်မာစာ စာလုံးပေါင်း သတ်ပုံမှန် ပြိုင်ပွဲကျင်းပပြီး ရုပ်ပုံပြပုံပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ နမ္မတူမြို့နယ် အမှတ်(၃) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ အလယ်တန်း ကျောင်းသား/ ကျောင်းသူ (၂၄)ဦး ဝင်ရောက် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲများတွင် ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက ထူးချွန်ဂုဏ်ပြု လက်ဆောင်များပေးအပ်ပြီး (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)