မင်းလှ ၁၀ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံဂဟေနှင့် သံပန်းပြု လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက စာနီစုအုပ်စု၊ တာကလေး ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှုး ဦးသန်းလွင်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရန်၊ လူစွမ်းအားအရင်း အမြစ်များဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ဘဝရပ်တည်မှုများ ပိုမိုခိုင်မာလာစေရန်အတွက် သင်တန်း ဖွင့်လှစ် ပေးခြင်း ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဦးလှခေးက သင်တန်းမှ သင်ကြားပို့ချ ပေးသော အသက်မွေးဝမ်းကျောင်း အတတ်ပညာများဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချသွားကြရန်၊ ပညာရပ်များကို လေ့လာ ဆည်းပူးသွားကြရန်ပြောကြားသည်။
အဆိုပါ သင်တန်းသို့ တာကလေး ကျေးရွာအုပ်စုအတွင်းမှ သင်တန်းသား ၂၀ တက်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက် မှ ၂၅ ရက်နေ့အထိ စာပွဲအမျိုးမျိုး၊ ထိုင်ခုံအမျိုးမျိုး စင်အမျိုး၊ အိမ်သုံးပစ္စည်း၊ ဗီရိုများ၊ အဆောက်အဦးများတွင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အဆောက်အအုံများတွင် ဆောင်ရွက်ရမည့် နည်းလမ်းများ ပြုလုပ်ခြင်းတို့အား သင်တန်းနည်းပြဆရာ ဦးအောင်ဝင်းနိုင်က စာတွေ့လက်တွေ့ ပြုလုပ်ခြင်းများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပေါက်စ မင်းလှ