မိုင်းဆတ် ၁၀ ဒီဇင်ဘာ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရေးအတွက် လက်သမားနှင့်ပန်းရံ အသက်မွေးဝမ်းကြောင်းပညာ သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေမှုကို ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
"ဒီသင်တန်းမှာ နေအိမ်တစ်လုံးဆောက်လုပ်ရင် အခြေခံကုန်ကျမယ့်သစ်နဲ့ အုတ်၊သဲ၊ကျောက်၊ ဘိလပ်မြေ တွက်ချက်တာနဲ့ အခြေခံ အိမ်ဆောက်နည်းတွေကို စာတွေ့လက်တွေ့သင်ကြားပေးတဲ့အပြင် ပြင်ပ လုပ်ငန်းခွင်ကို သွားရောက်လေ့လာတာတွေ ပါဝင်မှာဖြစ်ပါတယ်၊ အခုပန်းရံပညာကို အရင် သင်ပေး နေတာပါ၊ ပြီးရင်လက်သမားပညာ ဆက်သင်ပေးမှာပါ”ဟု သင်တန်းနည်းပြ ဦးစိုးမင်းက ပြောသည်။

“သင်တန်းတက်ပြီးရင်တော့ မိသားစုဝင်ငွေရရှိအောင် ကျွန်တော်တို့မြို့မှာ လာရောက်လုပ်ကိုင်တဲ့ ကုမဏ္ဍီတွေမှာ ဝင်လုပ်မယ်လို့ စိတ်ကူးထားပါတယ်။ ဒီနေ့တော့ ပန်းရံပညာနဲ့ပတ်သက်ပြီး အုတ်ရေကန်တစ်လုံးကို လက်တွေ့တည်ဆောက်နေတာပါ၊ အသက်မွေးဝမ်းကြောင်း ပညာနဲ့ ပတ်သက်ပြီး သင်တန်းတွေများများ ဖွင့်လှစ်ပေးစေချင်ပါတယ်" ဟု သင်တန်းသား ကိုလော်ချာက ပြောသည်။
အဆိုပါ သင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ဒီဇင်ဘာ (၁) ရက်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား ၂၀ တက်ရောက်ကြောင်း၊ သင်တန်းကာလ (၁)လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)