ပုလဲ ၁၀ ဒီဇင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ပုလဲမြို့၊ တောင်ပိုင်းရပ်ကွက်၊ မြင့်မြတ်ပညာရေး ဘော်ဒါဆောင်၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။  

ရှေးဦးစွာ ပုလဲမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဉာဏ်မြင့်အောင်က လက်တွေ့ မီးငြှိမ်းသတ်မှု   သရုပ်ပြပွဲနှင့်   အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး   ဦးကျော်ဇင်က မီးလောင်မှုဖြစ်ပွားသည်ကို မိမိတို့ပတ်ဝန်းကျင်မှာ တွေ့ရှိပါက စိုးရိမ်ထိတ်လန့်မှု မရှိဘဲ အေးဆေးတည်ငြိမ်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်သင့်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်မှုကို သရုပ်ပြပေးမှာဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်   မြို့နယ်မီးသတ်ဦးစီးဌာနမှ   မီးသတ်တပ်ဖွဲ့ဝင်များက    ဆီမီးလောင်မှုအား     မီးငြှိမ်းသတ်မှုကို လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ပြီး မြင့်မြတ်ပညာရေးဘော်ဒါဆောင်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့မီးငြှိမ်းသတ်မှုကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)