ရန်ကုန် ၁၀ ဒီဇင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ ဘုရားကုန်းကျေးရွာအုပ်စု ကျိုက်အင်းကွက်သစ်ကျေးရွာနေ အိမ်ရှင် ဦးကျော်စွာဝင်း (ခ) အညာသား အသက် (၃၁) နှစ် နေအိမ်၌ ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ က အဆိုပါအိမ်အနောက်ရှိ ဟွန်ဒါရေစုပ်စက်မောင်းရာတွင် စက်အိတ်ဇောမှ မီးပွားထွက်၍ အနီးရှိအိမ်ထရံများအား မီးစွဲလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်း ဦးဆောင်၍ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ သန်လျင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် ကျေးရွာနေပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ရှင် ဦးကျော်စွာဝင်း (ခ) အညာသား နေအိမ် အလျား ၉ ပေ၊ အနံ ၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ခင်းနေအိမ်နှင့် ဦးအောင်ကိုလတ် အသက် (၄၀) နှစ် နေအိမ် အလျား ၁၂ ပေ၊ အနံ ၂၀ ပေ သွပ်မိုး၊ ဝါးထရံ၊ ပျဉ်ခင်းနေအိမ်တို့ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်းနှင့် မီးလောင်မှုအား သန်လျင်မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင်(သန်လျင်)