နေပြည်တော် ၁၀ ဒီဇင်ဘာ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များတွင် ဝန်ကြီးဌာနမှ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီဖြင့် အရှေ့အနောက် စီးပွားရေးလမ်းကြောင်း တစ်လျှောက်ရှိ နွမ်းပါးသူများနှင့် အမျိုးသမီးများအတွက် စီးပွားရေးစွမ်းဆောင်မှုမြှင့်တင်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၈ ရက်တွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ဝါးဖြင့်ပြုလုပ်သည့် လက်မှုပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အထောက်အကူပြု အဆောက်အဦနှင့် မမှိုချောင်ကျေးရွာရှိ သစ်သီးခြောက်နှင့် သစ်သီးယိုထုတ်လုပ်ရန်အတွက် အထောက်အကူပြု အဆောက်အဦတို့အား လည်းကောင်း၊ ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာရှိ ဝါးဖြင့်ပြုလုပ်သည့် လက်မှုပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အထောက်အကူပြု အဆောက်အဦအား လည်းကောင်း၊ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်ရှိ သတင်းနှင့်ပြန်ကြားရေးကောင်တာ ဖွင့်လှစ်ထားသည့် အဆောက်အဦအား စီမံကိန်းမှ ထွက်ရှိသည့် ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချနိုင်ရန်အတွက် ဘက်စုံသုံးအဆောက်အဦအဖြစ် ပြောင်းလဲဆောက်လုပ်မည့် အခြေအနေအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်ရှိ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ ခရီးလှည့်လည်ရေး လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မုဒုံမြို့နယ် သိမ်ကုန်းကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် ယက္ကန်းယက်လုပ်ရန်နှင့် သဘာဝဆိုးဆေးထုတ်လုပ်ရန်အတွက် အထောက်အကူပြု အဆောက်အဦ တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

သတင်းစဉ်