နေပြည်တော် ၁၀ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန်ရာ အာဖရိကဝက်အပြင်းဖျားရောဂါသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဆန်းမြို့နယ်များတွင် ကူးစက်ဖြစ်ပွားခဲ့သဖြင့် အခြားဒေသများသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် အာဖရိကဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှု အခြေအနေကို သိရှိနိုင်ရန်အတွက် ရောဂါစောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိမွေးမြူထားသော ဝက်များကိုလည်း အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ကျရောက်ခြင်း မရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျ မြှင့်တင်ရန်လိုအပ်ကြောင်း၊ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ကြောင်း ဖော်ပြပါရှိသည်-
(က) ဝက်မွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကိုအထူးဂရုပြုဆောင်ရွက်ရန်၊
(ခ) ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန် ပြုလုပ်ဆောင်ရွက်ရန်၊
(ဂ) အိမ်မွေးဝက်များကိုအပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်းမရှိသော စားသောက်ဆိုင်များမှ စားကြွင်း/ကျန်ကျွေးခြင်းမပြုလုပ်ရန်၊
(ဃ) အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်/အထွက် ထိန်းချုပ်ရန်၊
(င) အသက်အရွယ်တူဝက်များကိုသာအတူတူမွေးမြူရန်၊
(စ) ဝက်ခြံများအတွင်းအပူချိန်၊ စိုထိုင်းဆ၊ လေဝင်/လေထွက် ကောင်းမွန် စေရေး ဆောင်ရွက်ရန်၊
(ဆ) ရောဂါကင်းရှင်းကြောင်းစိတ်ချရသောခြံမှ ဝက်များကိုဝယ်ယူမွေးမြူရန်၊
(ဇ) ဝယ်ယူသည့်ဝက်များကိုမိမိခြံရှိဝက်များနှင့်မရောမီသီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊
(ဈ) ပြည်ပမှတရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့်ဝက်ထွက်ပစ္စည်းများ ဖြစ်သည့်ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြား ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊
(ည) တောဝက်နှင့် အိမ်မွေးဝက်များရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊
(ဋ) ဝက်များတစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်းနှင့် အများပြည်သူစားသုံးရန် သားသတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကျန်းမာရေး စစ်ဆေး မှုကို ခံယူရန်၊
(ဌ)တောဝက်နှင့် အိမ်မွေးဝက်များပုံမှန်မဟုတ်ဘဲရုတ်တရက်သေဆုံးပါကနီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊
(ဍ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
MDN