နေပြည်တော် ၁၀ ဒီဇင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန်ရာ ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ရာသီမရွေး ကူးစက်ကျရောက် ဖြစ်ပွားတတ်သဖြင့် မိမိတို့ ကြက်/ဘဲ/ငုံးခြံများတွင် အဆိုပါ ရောဂါကူးစက် ကျရောက်ခြင်းမရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်ကြောင်း၊ ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ကြောင်း ဖော်ပြပါရှိသည်-

(က)    ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကိုအထူးဂရုပြုဆောင်ရွက်ရန်၊

(ခ)    ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ၊ ငုံးအရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်းပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

(ဂ)    အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူနှင့် ယဉ်အဝင်/အထွက် ထိန်းချုပ်ရန်၊

(ဃ)    ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများအတွင်းအပူချိန်၊ စိုထိုင်းဆ၊ လေဝင်/ လေထွက် ကောင်းမွန်စေရေးဆောင်ရွက်ရန်၊

(င)    မွေးမြူရေးခြံအတွင်းသို့ ဝင်ရောက်ပါကနှာခေါင်းစည်း၊ လက်အိတ် စသည့်အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊

(စ)    ကြက်၊ ငှက်များကိုကိုင်တွယ်ပြီးတိုင်းနှင့် ကြက်၊ ဘဲ၊ ငုံးမွေးမြူရေးခြံများမှ ထွက်သည့် အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊ 

(ဆ)    အသားနှင့် ဥတို့ကိုသေချာစွာကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးရန်၊ 

(ဇ)    ကြက်၊ငှက်များပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာ အုပ်ချုပ် ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်း အဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

(ဈ)    ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

MDN