နေပြည်တော် ၁၀ ဒီဇင်ဘာ

အင်ဒိုနီးရှားနိုင်ငံအစိုးရ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်၊ မြောင်းဘွေတိုက်နယ်ဆေးရုံအား တရားဝင်စာရွက်စာတမ်းများ လွှဲပြောင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။

 

8309

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး Professor Dr. IzaFadri က အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြောင်းဘွေ တိုက်နယ်ဆေးရုံအား ရခိုင်ပြည်နယ်မှ လူ့အသိုက်အဝန်းအားလုံး ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူရရှိနိုင်စေရေးအတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်ပေါင်း (၇၀)ပြည့်ခဲ့သည် မြန်မာ-အင်ဒိုနီးရှား သံတမန်ဆက်ဆံမှုသည် ပိုမိုခိုင်မာအားကောင်းကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အင်ဒိုနီးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက မြောင်းဘွေတိုက်နယ်ဆေးရုံအား ဆောက်လုပ်လှူဒါန်းခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြောင်းဘွေတိုက်နယ်ဆေးရုံနှင့် ပတ်သက်သည့် တရားဝင်စာရွက်စာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး Professor Dr. IzaFadri နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှတို့က ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန်ပံ့ပိုးခဲ့မှုသည့် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ပြသနေခြင်းဖြစ်ပါကြောင်း၊ တိုက်နယ်ဆေးရုံတွင် ကျေးရွာပေါင်း (၂၃)ရွာမှ လူဦးရေ (၃၀,၀၀၀) ကျော်ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများ အနေဖြင့်လည်း နှစ်နိုင်ငံရင်းနှီးချစ်ကြည်မှုကို ပိုမိုသိရှိနိုင်ပြီး ကျေးဇူးတင်ရှိကြမည်ဖြစ်ကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် ဆေးပညာကျင့်ဝတ်များနှင့်အညီ လူမျိုး၊ ဘာသာခွဲခြားမှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြောင်းဘွေတိုက်နယ်ဆေးရုံတွင်လည်း ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အဝန်းအားလုံးအနေဖြင့် ခွဲခြားခြင်းမရှိဘဲ ဆေးကုသမှုများ ခံယူနေသည်ကို နိုင်ငံတကာမှတွေ့ရှိနိုင်ကာ လူ့အသိုက်အဝန်းများ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နေသည်ကို ပိုမိုသိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ ဆေးရုံတွင် ကုသရေးလုပ်ငန်းများကိုသာမက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကိုလည်း အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ဆေးရုံအတွက် ကျန်းမာရေးလူ့စွမ်းအားများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ စက်ကိရိယာများ၊ ဆေးနှင့်လူနာမှတ်တမ်းများအတွက် ကွန်ပြူတာများ စသည်တို့ကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် စံနမူနာပြတိုက်နယ်ဆေးရုံအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြောင်းဘွေတိုက်နယ်ဆေးရုံသည် ဝန်ကြီးဌာနမှ ဖော်ဆောင်လျက်ရှိသော လူတိုင်းလက်လှမ်းမီလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ရရှိစေရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး ကုသရေး၊ ပြည်သူ့ကျန်းမာရေး၊ ဆေးနှင့်ဆေးဝါးပစ္စည်းများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရောဂါနှိမ်နင်းရေး၊ သုတေသန စသည့်လုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်စွာ သံတမန်ဆက်ဆံမှု သည်လည်းနှစ်ပေါင်း (၇၀)ပြည့်မြောက်ခဲ့ပြီးဖြစ်ပြီး မြောင်းဘွေတိုက်နယ်ဆေးရုံသည် အဆိုပါရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဒ်အဖြစ် နှစ်ပေါင်းများစွာ တည်တံ့သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာအရေးပေါ် ကယ်ဆယ်ရေးကော်မတီနှင့် အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့တို့ကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေတိုက်နယ်ဆေးရုံဆောက်လုပ်ခြင်း လုပ်ငန်းများအတွက် အင်ဒိုနီးရှားနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၂၅) သန်း ပံ့ပိုးမှုဖြင့် (၂၀၁၇) ခုနှစ်အတွင်းတွင် အင်ဒိုနီးရှားနိုင်ငံ အင်ဂျင်နီယာများက ဦးဆောင်၍ စတင်ဆောင်ရွက်ခဲ့ပြီး (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလတွင် ပင်မအဆောက်အဦ (၂)ထပ် တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးခဲ့သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားပေး စက်ကိုလည်း တပ်ဆင်ပြီးစီးခဲ့ပြီး မြေအောက်ရေလှောင်ကန်နှင့် ဆေးရုံပရဝဏ် အလှဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ဝန်ကြီးဌာန၏ (၂၀၁၇-၂၀၁၈) ခုဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲ (၁)လုံးနှင့် လေးခန်းတွဲ (၁)လုံးတို့ကိုလည်း ဆောက်လုပ်ခဲ့ပြီး (၂၀၁၈) ခုနှစ်၊ ဇွန်လတွင် ပြီးစီးခဲ့သည်။

ဆေးရုံတွင် တပ်ဆင်သွားမည့် ဆေးရုံသုံးပစ္စည်းကိရိယာများကိုလည်း အင်ဒိုနီးရှားနိုင်ငံ အစိုးရက ပံ့ပိုးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်