နေပြည်တော် ၁၀ ဒီဇင်ဘာ

 

ပညာရေးဝန်ကြီးဌာန နှစ်အလိုက် စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှုနှင့် နှစ်အလိုက် ဘဏ္ဍာငွေ ပြန်လည်သုံးသပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးတို့ကို ဦးတည်ပြီး အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Strategic Plan-NESP)(၂၀၁၆-၂၀၂၁)ကို ကဏ္ဍ  ရပ်၊ ဦးစားပေးလုပ်ငန်း ၁၂ ရပ်ချမှတ်ကာ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နှစ်အလိုက်ပြန်လည် သုံးသပ်ခြင်းသည် ရလဒ်များကို သိရုံသာမက စွမ်းဆောင်မှု အရင်းအမြစ်နှင့် လိုအပ်သည့် စွမ်းဆောင်ရည် မြှင့်တင်မှုလုပ်ငန်းများကိုလည်း သိရှိစေပြီး ပညာရေးဝန်ကြီးဌာန တစ်ခုလုံး၏ အရည်အသွေး တိုးတက်ကောင်းမွန်မှုကို ပံ့ပိုးပေးသည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း။

 

ယနေ့ဆွေးနွေးပွဲမှ အကြံပြုချက်များသည် (၂၀၁၉-၂၀၂၀) နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်များအတွက် ဦးစားပေး ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို သတ်မှတ်နိုင်ရုံသာမက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ပြုစုရေးဆွဲရာတွင်လည်း လိုအပ်သည့်အချက်အလက်များ ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ပညာရေးကဏ္ဍအလိုက် အရည်အသွေး မြင့်မားရေးကို စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံ၊ ကျောင်း၊ ဌာနများအားလုံးရှိ ပညာရေးတွင်ပါဝင်သူများ၏ ပူးပေါင်းပါဝင်ပံ့ပိုးမှုများကြောင့် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများက အထောက်အပံ့များစွာ ဖြစ်စေပါကြောင်း၊ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

 

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အတွက် နှစ်အလိုက် စွမ်းဆောင်ရည်ပြန်လည်သုံးသပ်မှုနှင့် နှစ်အလိုက်ဘဏ္ဍာငွေ ပြန်လည်သုံးသပ်မှုတို့ကို ပညာရေးကဏ္ဍများအလိုက် အုပ်စုဖွဲ့ဆွေးနွေးကြရာတွင် အောင်မြင်မှုများ၊ အခက်အခဲများ၊ ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပြုစုရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက် စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှုနှင့် နှစ်အလိုက် ဘဏ္ဍာငွေ ပြန်လည်သုံးသပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ယနေ့အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ၊ ပါမောက္ခချုပ်များကော်မတီတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာများသမဂ္ဂနှင့် ကျောင်းသားများသမဂ္ဂတို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်