မုံရွာ ၁၁  ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူးရုံး ဇေယျာရွှေမြေ အစည်းအဝေးခန်းမတွင် မုံရွာခရိုင်အတွင်းရှိ မြို့နယ်(၄)ခုတွင် Tablet  အသုံးပြုသော ( Compyter Personal Interviewing - CAPI) နည်းစနစ်ဖြင့် ကြားဖြတ် သန်းခေါင်စာရင်း  ကောက်ယူနိုင်ရေး အသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီမှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

သင်တန်းအား တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးယဉ်ထွေးနှင့် မုံရွာခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတို့က အမှာစကား ပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။         

 

 ““ ဒီကနေ့သင်တန်းမှာ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်းတဲ့ မေးခွန်းတွေကို ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ဖို့အတွက် သင်တန်းကို ဖွင့်လှစ်ပေးတာဖြစ်ပါတယ်၊ ၂၀၁၄ ခုနှစ်တုန်းက တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်တာဖြစ်တယ်၊ အဲဒီတုံးကတော့ မေးခွန်းပုံစံ စာရွက်တွေသုံးပြီး ကောက်ခံခဲ့တာဖြစ်တယ်၊ အခု စနစ်က နိုင်ငံတကာကလည်း အသုံးပြုနေပြီ ဖြစ်တဲ့ Tablet  အသုံးပြုပြီး ကောက်ခံသွားမှာ ဖြစ်ပါတယ်”” ဟု သင်တန်းနည်းပြဖြစ်သူ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဆိုင်ရာ ရုံးချုပ် (နေပြည်တော်)မှ ဦးစီးအရာရှိ ဒေါ်တင်တင်လင်းက ပြောသည်။

 

အဆိုပါ သင်တန်းသို့ မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ အရာတော်၊ ဘုတလင်မြို့နယ် နှင့် ချောင်းဦးမြို့နယ် တို့မှ စာရင်းစစ်(၉)ဦး၊ စာရင်းကောက် (၃၂)ဦး အရန်(၁)ဦး စုစုပေါင်း (၄၂) ဦးတို့ဖြင့် ဒီဇင်ဘာလ (၁၁) ရက်နေ့မှ (၂၁)ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းသား သင်တန်းသူများသည် မုံရွာ ခရိုင် အတွင်းရှိ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ကွက် (၆၇) ကွက်ကို ကွင်းဆင်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)