ရန်ကုန် ၁၁ ဒီဇင်ဘာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပသော အဘိဓမ္မာ ဝိသုဒ္ဓိမဂ် စာမေးပွဲနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း(၂၇)ကြိမ်မြောက် စာအောင် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၊ သင်တန်းမှူး ဆရာတော်နှင့် သင်တန်းနည်းပြဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ၊ စာအောင်ဆုရ ကျောင်းသား ကျောင်းသူများနှင့် ပရိသတ်များ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရထံမှ သြဝါဒကထာနာယူကြပြီး သင်တန်းမှူး ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝါယမသာရက သင်တန်းများနှင့် စပ်လျဉ်း၍ လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများက အဘိဓမ္မာ ဝိသုဒ္ဓိမဂ်စာမေးပွဲနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် သင်တန်းသား သင်တန်းသူများအား ဆုတံဆိပ်၊ ဆုလက်မှတ်နှင့် ဆုစာအုပ်များ ချီးမြှင့်ပေးအပ်သည်။
သတင်းစဉ်