နေပြည်တော် ၁၁ ဒီဇင်ဘာ
(၂၀)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ အကြိုညှိနှိုင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) နေပြည်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးမြင့်ဝေ (နာယက၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ)၊ ဒေါ်လေးမြင့် (နာယက၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ)၊ ဦးပေါညိမ်း (တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့)၊ ဦးစိုးဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို))တို့က ဆောင်ရွက်ကြသည်။
အဆိုပါအခမ်းအနားတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အဆိုပြုစာတမ်း (၄) စောင်ဖြစ်သော တိုင်းရင်းဆေးပညာတွင် တိမ်မြုပ်နေသောနက္ခတ္တနယဆိုင်ရာ ကုထုံးနည်းစနစ်များ ပြန်လည်ဖော်ထုတ် အသုံးပြုရန်၊ ဝိဇ္ဇာဓရနယကုထုံးနည်းစနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတကာ တိုင်းရင်းဆေးပညာရပ်များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဝါးနှင့် ပရဆေးကုန်ကြမ်းများ ပြည်တွင်းပြည်ပ ဈေးကွက်၌ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို စာတမ်းရှင်များက ဖတ်ကြားပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ညီလာခံကိုယ်စားလှယ်တော်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ နှီးနွယ်ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်