နေပြည်တော် ၁၁ ဒီဇင်ဘာ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သည့်  မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက မြန်မာအက အခြေခံကဗျာလွတ်အက ဆင့်ပွားနည်းပြသင်တန်းများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ပူးပေါင်းမှုဖြင့် ၂၀၁၄ ခုနှစ်၊ မေလမှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊  ယခုအခါ သင်တန်းအမှတ်စဉ် ၂/၂၀၁၉ ကို (၉)ကြိမ်မြောက်အဖြစ် သင်တန်းဆင်း လက်မှတ်ပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်တန်းကာလအတွင်းတွင် ဆရာ/ဆရာမတို့ အနေဖြင့် သမိုင်းနှင့်ချီပြီး တည်ရှိခဲ့သည့် မြန်မာအက၏ အခြေခံသဘောကို ကောင်းစွာ နားလည်နိုင်ခဲ့ကြပြီဖြစ်ပါကြောင်း၊ ထို့အတူ စည်းစနစ်တကျ တည်ရှိနေသည့် မြန်မာအကအခြေခံ၏ တန်ဖိုးကိုလည်း သိရှိနိုင်ခဲ့ကြပြီဖြစ်ပါကြောင်း။

 ဆရာ/ဆရာမတို့ ပတ်ဝန်းကျင်တွင်ရှိသည့် ကျောင်းသားအရွယ် လူငယ်များအကြား၌ မိမိတို့၏ ဓလေ့ထုံးစံနှင့် မအပ်စပ်သည့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းချင်းရာများ ထိုးဖောက်ဝင်ရောက် လျက်ရှိနေပါကြောင်း၊ ဆရာ/မတို့ တက်မြောက်ထားသည့် ရိုးရာယဉ်ကျေးမှု အခြေခံများကို ဆင့်ပွားဖြန့်ဝေထားခြင်းသည် အကောင်းဆုံး ကြိုတင်ခုခံကာကွယ်ထားနိုင်ခြင်းပင် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း ဖွင့်လှစ်သင်ကြားပေးပါသော  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်း၊  စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားကြသော သင်တန်းသား/ သင်တန်းသူများနှင့် အားကျိုးမာန်တက် သင်ကြားပေးပါသော သင်တန်းနည်းပြ ဆရာ/ဆရာမများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသမီးအဖွဲ့လိုက် ကဗျာလွတ်အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိကြသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက အမျိုးသားတစ်ဦးချင်း ကဗျာလွတ် အကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိကြသူများကိုလည်းကောင်း ဆုများချီးမြှင့်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သင်တန်းနည်းပြ ဆရာဆရာမများအား ဂုဏ်ပြုဆုများ ပေးအပ်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။

သတင်းစဉ်