ရန်ကုန်မြို့ ၁၁ ဒီဇင်ဘာ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဘဏ်ခွဲများအားကြီးကြပ်စစ်ဆေးမှု ထိရောက်စွာဆောင် ရွက်ရေးနှင့် နှစ်ဟောင်းကြွေးကျန်များ ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရုံးချုပ်၌ ကျင်းပသည်။

ရှေးဦးစွာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒုတိယဝန်ကြီးမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ယခင်ကစိုက်ပျိုးစရိတ်ချေးငွေကိုအား ပြုထုတ်ချေးသည့် ဘဏ်ကြီးတစ်ခုအဖြစ် ဝန်ဆောင်မှုအသစ်များဖြစ်သည့် တောင်သူများ၏ လယ်ယာလုပ်ငန်းသုံးစက်ကိရိယာများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ချေးငွေများဖြစ်သည့် (JICA နှင့် MEB) နှစ်ဆင့်ချေးငွေများအား နှစ်တို၊ နှစ်ရှည်ချေးငွေအဖြစ် ထုတ်ချေးလျက်ရှိကြောင်း၊ ချေးငွေများ ထိရောက်စွာ ထုတ်ချေးရန်လိုသကဲ့သို့ ကြွေးကျန်များမဖြစ်ပေါ်ရေးကိုလည်း ဂရုပြုဆောင်ရွက်ရန်လိုကြောင်း၊ အမှုအခင်းများနှင့် အလွဲသုံးစားမှုများကင်းရှင်းရန် ဝန်ထမ်းများအားလုံး ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခင်က တိုင်းဒေသကြီး/ ပြည်နယ်ဘဏ်ခွဲများနှင့် မြို့နယ်ဘဏ်ခွဲများဖြင့်သာ ဖွဲ့စည်းထားရာမှ ခရိုင်ဘဏ်ခွဲများအား ထပ်မံတိုးချဲ့ထားပြီးဖြစ်၍ ညွှန်ကြားချက်များနှင့်အညီ ထိရောက်စွာ ကြီးကြပ်စစ်ဆေးပါက အလွဲသုံးစားမှုများ၊ ကြွေးကျန်များ လျော့နည်းလာမည်ဖြစ်ပြီး ဘဏ်၏ ပုံရိပ်လည်းပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း။
ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင်အလုပ်အပေါ် စေတနာထား၍ လုပ်ချင်ကိုင်ချင်စိတ်ရှိရန်၊ လုပ်တတ်ကိုင်တတ်ဖြစ်ရန်၊ လုပ်ရဲကိုင်ရဲရန်နှင့် ဘဏ်ဝန်ထမ်းများအားလုံး စည်းလုံးညီညာစွာဖြင့် မိသားစုစိတ်ဓာတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန်၊ ခေတ်မီဘဏ်လုပ်ငန်းစနစ်ဖြင့် ပြည်သူ(တောင်သူ)များကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့် ဘဏ်ကြီးတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ရုံးချုပ်မှ အရာထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်အဆင့်မန်နေဂျာများ တက်ရောက်ကြသည်။
သတင်းစဉ်