နေပြည်တော် ၁၁ ဒီဇင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းက ကြီးမှူးကျင်းပသည့် မြန်မာ့ပုလဲ ပြသရောင်းချပွဲ (ဒီဇင်ဘာ ၂၀၁၉) Myanmar Pearl Auction (December – 2019) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၌ ကျင်းပရာ ပြည်တွင်းပြည်ပ ပုလဲရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
နံနက် ၁၀ နာရီခွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့ပုလဲ ခင်းကျင်းပြသရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါပြပွဲ၌ နိုင်ငံပိုင်ပုလဲအတွဲ ၂၇၀ တွဲနှင့် မြန်မာအန်ဒါမန်ပါးလ်ကုမ္ပဏီမှ ၈၅ တွဲ၊ ပြည်ဖြိုးထွန်းကုမ္ပဏီမှ ၃၀ တွဲ၊ အဏ္ဏဝါပုလဲကုမ္ပဏီမှ ၃၀ တွဲ စုစုပေါင်း ၄၁၅ တွဲကို ပြသရောင်းချသွားမည်ဖြစ်ပြီး ဒီဇင်ဘာ (၁၁) ရက်တွင် အတွဲအမှတ်(၁)မှ အတွဲအမှတ် (၁၀၀)ထိကိုလည်းကောင်း၊ ဒီဇင်ဘာ (၁၂)တွင် အတွဲအမှတ်(၁၀၁)မှ (၃၀၅)ထိကိုလည်းကောင်း၊ ဒီဇင်ဘာ (၁၃)ရက်တွင် အတွဲအမှတ် (၃၀၆)မှ အတွဲအမှတ် (၄၁၅)ထိကိုလည်းကောင်း ကြမ်းခင်းဈေး ယူရိုငွေ ၁ ဒသမ ၉၅ သန်းဖြင့် ပြသရောင်းချသွား မည်ဖြစ်သည်။
ပြည်တွင်းပုလဲကုန်သည်များကို ယူရိုငွေနှင့် ညီမျှသည့် မြန်မာကျပ်ငွေဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ပြည်ပပုလဲကုန်သည်များကို ယူရိုငွေဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ ပုလဲရောင်းချပွဲသို့ တက်ရောက်ဝယ်ယူကြမည့် ပြည်တွင်းပုလဲကုန်သည်များအနေဖြင့် အာမခံတင်ဒါစပေါ် မြန်မာကျပ်ငွေ နှစ်ဆယ့်ငါးသိန်း ကြိုတင်ပေးသွင်းကြရမည်ဖြစ်ပြီး ပြည်ပကုန်သည်များအနေဖြင့် ယူရိုငွေနှစ်ထောင် ကြိုတင်ပေးသွင်းကြရမည်ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သူ ပုလဲကုန်သည်များသည် တင်ဒါအောင်မြင်သော ပုလဲအတွဲတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးသွင်းကြရမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ တွင် ယူရိုငွေ (၅၉၃၉၉၀) တန်ဖိုးရှိ နိုင်ငံပိုင်မြန်မာ့ပုလဲ အတွဲ (၁၀၀) တွဲ ရောင်းချခဲ့ရသည်။
သတင်းစဉ်