စစ်ကိုင်း ၁၁ ဒီဇင်ဘာ
စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးတိုက်နယ်တွင် ရှေးယခင်ကတည်းက ရိုးရာဓလေ့အဖြစ် ကျင်းပခဲ့သည့် မုန့်ပေါင်းပွဲတော်ကို ယနေ့ညနေပိုင်းက အစဉ်အလာမပျက် ပျော်ရွှင်စွာ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ မုန့်ပေါင်းပွဲတော်ကို သမိုင်းဝင် ဝေဠုဝန်ငါးထပ်ကြီးဘုရားရှေ့ လမ်းတစ်လျှောက်တွင် နှစ်စဉ် နတ်တော်လပြည့်နေ့မှ လပြည့်ကျော်တစ်ရက်နေ့အထိ ကျင်းပလေ့ရှိကြောင်း၊ ယခုနှစ် မုန့်ပေါင်းပွဲတော်တွင် လာရောက်ရောင်းချသည့် ဈေးသည် ၁၀၀ ခန့်ရှိကြောင်း မုန့်ပေါင်းလာရောက် ရောင်းချသူများထံက သိရသည်။
“ဒီပွဲကို လာရောက်ရောင်းချတာ လေးနှစ်ရှိပါပြီ၊ ဆေးပွဲလို့ ခေါ်တာပေါ့၊ ဒီလပြည့်နေ့မှ မုန့်ပေါင်းစားရင် ဆေးဖက်ဝင်တယ်လို့ ဆိုးရိုးစကားရှိခဲ့တယ်။ ညပိုင်းတွေဆို တိုးမပေါက် လာရောက်ဝယ်တဲ့သူတွေ စည်းကားတယ်”ဟု ညောင်ကုန်းကျေးရွာမှ မုန့်ပေါင်းလာရောင်းချသည့် ဈေးသည်ဒေါ်မြလင်းက ပြောသည်။
ရှေးယခင်က မုန့်ပေါင်းပွဲကို နတ်တော်လပြည့်နေ့ည တစ်ညတည်းသာ ကျင်းပရောင်းချခဲ့ရာမှ လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်မှစတင်၍ လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့ ညပိုင်းထိပါ ရောင်းချမှုရှိလာကြောင်းနှင့် ယခင်က မြေပေါင်းအိုးများဖြင့်သာ ရောင်းချကြသော်လည်း ယခုအခါ ဆယ်ပိဿာဝင်သံဖြူ ပုံးများအား ပေါင်းခံအိုးအဖြစ်အသုံးပြုကာ မုန့်ပေါင်းပြုလုပ်ရောင်းချကြကြောင်း မုန့်ပေါင်းလာရောက်ရောင်းချသူများထံက သိရသည်။
“ကျွန်တော် အမေနဲ့ အဖေက ပြောဖူးတယ်။ ဒီပွဲက ကျွန်တော်မမွေးခင်က ရှိခဲ့တယ်လို့ အခုဆို ကျွန်တော်အသက် ၄၃ နှစ်ရှိပြီး ဒီပွဲက နှစ် ၁၀၀ ကျော် ရှိပြီးလို့ သိရပါတယ်။ ဟိုအရင်တုန်းကတော့ ဒီနားပတ်ဝန်းကျင်လောက်က ကျေးရွာတွေလောက်ပဲ သိတယ်။ ခုနောက်ပိုင်းကျ လူသိများလာပြီး တိုးမပေါက်အောင် စည်းကားလာတယ်”ဟု ဒေသခံ ကိုမင်းမင်းက ပြောသည်။
ထို မုန့်ပေါင်းပွဲတွင် သမိုင်းဝင် ဝေဠုဝန်ငါးထပ်ကြီးဘုရား အနီး၊ ဒါးဝယ်ဈေးတိုက်နယ်အတွင်းမှ တောင်ဘော်ဂါ၊ ကနားတော်၊ ညောင်းကုန် စသည့်ရပ်ကွက်များမှ လာရောက်ရောင်းချကြသည့် မုန့်ပေါင်းဈေးသည် ၁၀၀ ခန့်ရှိကြောင်း မုန့်ပေါင်းတစ်ခုလျှင် ငွေကျပ် ၁၀၀ ကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)