ရန်ကုန် ၁၂ ဒီဇင်ဘာ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်အဖွဲ့နှင့် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် တွေ့ဆုံဆွေးနွေး ကြသည်။
ငြိမ်းချမ်းရေးဖော်ဆောင်မှု ပြီးမြောက်အောင်
ဆွေးနွေးပွဲတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ယခုလို တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ရှိနေသည့် ပြဿနာများကို တစ်ဖက်နှင့်တစ်ဖက် ကြေညက် ပြေလည်အောင် မျက်နှာစုံညီ ဆွေးနွေးခွင့်ရသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ တိုင်တိုင် ပင်ပင် ညှိနှိုင်းဆောင်ရွက်ပြီး လိုချင်သည့် ပန်းတိုင်ကို လျှောက်လှမ်းစေလိုကြောင်း၊ မပြေလည်မှု များကိုလည်း ညှိနှိုင်းဖြေရှင်းကာ တစ်ဆင့်ပြီးတစ်ဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အောင်မြင်ပြီးမြောက်အောင် ဖော်ဆောင်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA လက်မှတ် ရေးထိုးပြီး နောက်ပိုင်း NCA ပါ သဘောတူညီချက် အကောင်အထည်ဖော်မှု၏ ရည်ရွယ်ချက်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ကြိုးစားဆောင်ရွက် ခဲ့ကြောင်း၊ ကေအဲန်ယူ အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာအောင် မဖြစ်မနေဆောင်ရွက်နေပြီး နိုင်ငံရေး ဆွေးနွေးပွဲတွင် ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်တွင် ပြည်သူလူထုအနေဖြင့် ယုံကြည်မှုအပြည့်အဝရှိလာစေရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လေးနက်စွာ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ရှေ့ဆက် ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)တို့က နိဂုံးချုပ် အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။
တက်ရောက်
ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ နိုင်ငံတော်တိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်း ရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦးတို့ တက်ရောက်ကြပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးနှင့် ကိုယ်စားလှယ် ပဒိုစောဆဲဂေ၊ ပဒိုစောအယ်ကလူစေး၊ စောတာမလာသောနှင့် စောနေသဘလေးတို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးတို့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ယနေ့ဆွေးနွေးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။
အစည်းအဝေးကျင်းပနိုင်ဖို့ အဆိုပြု
ယနေ့ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဦးလှမောင်ရွှေက “အစိုးရဘက်က နှစ်ဖက်ကြားမှာ ဆွေးနွေးဖို့ လိုအပ်တဲ့အချက်တွေကို ဆက်လက်ဆွေးနွေးတယ်။ တရားဝင်ဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့ JICM အစည်းအဝေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် ကြိုတင်ပြီး ဆွေးနွေးစရာရှိတာတွေ ဆွေးနွေး ခဲ့တယ်။ အစိုးရကိုယ်စားလှယ်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်မတိုင်ခင်မှာ NCA လက်မှတ် ထိုးထားတဲ့ NCA-S-EAO အလုပ်အဖွဲ့နဲ့ အစိုးရ အလုပ်အဖွဲ့တွေ တွေ့ဆုံနိုင်ဖို့ ကမ်းလှမ်းထား တာရှိတယ်။ ပြီးရင်တော့ ဇန်နဝါရီ ၄ ရက် နောက်ပိုင်းမှာ JICM အစည်းအဝေးကျင်းပနိုင်ဖို့ အဆိုပြုထားတာရှိတယ်” ဟုပြောသည်။
ပဒိုစောတာဒိုမူးက “ဒီနေ့ဆွေးနွေးပွဲမှာ အများကြီး ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲဆိုတာထက် JICM အစည်းအဝေးပြီးရင် ကျွန်တော်တို့ ရှေ့ဆက် ဘယ်လိုဆွေးနွေးကြမလဲ ဆိုတဲ့အပိုင်းကို နားလည်မှုတစ်ခုတည်းဖြစ်အောင် ညှိနှိုင်းတဲ့ ဆွေးနွေးပွဲမျိုး ဖြစ်ပါတယ်။ JICM က NCA အကောင်အထည်ဖော်မှုမှာ အရေးပါတဲ့ အစည်းအဝေးတစ်ခုဖြစ်သလို ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ရာစု ပင်လုံအစည်းအဝေး ဆိုတာက NCA အကောင်အထည်ဖော်မှုမှာ အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်ပါတယ်။ ဒီအဆင့်တွေကို မကျော်လွှားဘဲ NCA ကို အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ ဆိုတာ အခက်အခဲရှိပါတယ်။ ဒါပေမယ့် တစ်ဆင့် စီတိုင်းမှာ ကျွန်တော်တို့ ပိုပြီးသေချာအောင် လုပ်ရမယ့် အပိုင်းလေးတွေကြောင့် သို့လော သို့လော ထင်နေကြတာဖြစ်ပါတယ်။ ကျွန်တော် တို့ NCA ပေါ်မှာ ရပ်တည်ပြီး တစိုက်မတ်မတ် သွားနေပါတယ်” ဟု ယနေ့ဆွေးနွေးမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
သတင်း - ရဲခေါင်ညွန့်၊ ဓာတ်ပုံ - ဖိုးထောင်