မော်လိုက် ၁၂ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ နှစ်စဉ် နတ်တော်လပြည့်နေ့တိုင်း ကျင်းပမြဲဖြစ်သည့် တောင်တစ်လုံးတောရကျောင်းတိုက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် မော်လိုက်မြို့နယ်အတွင်းရှိ မြို့ပေါ်၊ ကျေးရွာများမှ ပင့်သံဃာတော် ၅၄ပါးနှင့် ရှင်သာမဏေများ၊ သီလရှင်ဆရာလေးများအား ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် အလှူရှင်များ ရပ်ဝေးရပ်နီးမှ စေတနာရှင် ပြည်သူများက ဆွမ်းဆန်စိမ်းများနှင့် ဝတ္ထုငွေများကို လောင်းလှူပူဇော်ခဲ့ကြပြီး ဆရာတော်များထံမှ ရှစ်ပါး သီလခံယူဆောက်တည်ခဲ့ကြကြောင်း သိရသည်။

 

“တောင်တစ်လုံးတောရကျောင်းတိုက်၏ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲသည် မော်လိုက်မြို့နယ်မှာဆို ပထမဆုံးကျင်းပတဲ့ ဗုဒ္ဓပူဇနိယပွဲပါပဲဗျ။ ဒါပေမယ့် ဒီနှစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲက မနှစ်ကလောက် မစည်လှဘူးဗျ။ပညာရေးကျောင်းတွေ၊ အစိုးရရုံးပိတ်ရက်နဲ့ မကြုံတာကြောင့်လည်းဖြစ်တယ်။ ရပ်ဝေးရပ်နီးမှ လာတာတွေလည်း သိပ်မများလှဘူး၊ ကျွန်တော်တို့ မြို့ပေါ်ရပ်ကွက်နှင့် အနီးနား ကျေးရွာများမှ ပြည်သူတွေတာလောက်ပဲလာကြတယ်” ဟု တောင်တစ်လုံးတောရကျောင်းတိုက် ဂေါပကအဖွဲ့ဝင် တစ်ဦးပြောပြ၍ သိရသည်။

 

မော်လိုက်သားလေး