မိတ္ထီလာ ၁၂ ဒီဇင်ဘာ
မိတ္ထီလာမြိုနယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ လက်ထောက် အင်ဂျင်နီယာ ဒေါ်မြင့်မြင့်ခိုင်က တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မိတ္ထီလာ)တို့ ပူးပေါင်း၍ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းများရရှိအောင်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေရန်၊ စက်ချုပ်နည်းပညာကို အသုံးပြု၍ အဝတ်အထည်များ ဒီဇိုင်းလှပပြီး ဈေးကွက်ဝင် အထည်များအဖြစ် ထုတ်လုပ်လာနိုင်စေရန်နှင့် ကျေးလက်ဒေသရှိ အမျိုးသမီးငယ်လေးများ အဆင့်မြှင့် စက်ချုပ်နည်းပညာရပ်များကို တတ်ကျွမ်းပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်လေးများထူထောင်၍ မိသားစု ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်း(အခမဲ့)ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ဦးစိုးသန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်း ပညာသင်တန်းကို မိတ္ထီလာ၊ ရမည်းသင်း၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်များမှ သင်တန်းသူ(၂၅)ဦး တက်ရောက်ကြပြီး ၎င်းသင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုးသမီးဝတ် ရင်စေ့အင်္ကျီ၊ ရင်ဖုံးအင်္ကျီ၊ စကပ်အမျိုးမျိုး၊ ကလေးဝတ်ဘောင်းဘီရှည်၊ (၁)နှစ်အရွယ် သုံးဖြတ်ဆက်ကလေးဂါဝန်များစသည့် ဘာသာရပ်များကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)