နေပြည်တော်  ၁၂   ဒီဇင်ဘာ

 

သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသောသင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်ပြည်နယ်သည် ပညာရေးကဏ္ဍအသီးသီး၌ ကောင်းမွန်သည့် အခြေအနေအဆင့်အတန်းတစ်ခုတွင် ရောက်ရှိရပ်တည်နေသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်း ပညာရေးလုပ်ငန်းများကို မိဘ၊ ဆရာ၊ ကျောင်းသား၊ အစိုးရ၊ လူမှုအဖွဲ့အစည်းဆိုပြီး ပညာရေးပဉ္စဂံတွင် ပါသည့်အတိုင်း အားလုံးပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကအားထားရမည့် ကြီးမားသည့် အင်အားတစ်ရပ်ဖြစ်သော ကျောင်းသား ကျောင်းသူများကို ကျန်းမာကြံ့ခိုင်ပြီး ပညာရည် ပြည့်ဝစေရန်နှင့် တန်ဖိုးမြင့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေရန် ဝိုင်းဝန်းပြုစုပျိုးထောင် သွားရမည်ဖြစ်သည့်အလျှောက် သင်ကြားသင်ယူမှုအခွင့်အလမ်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက် နိုင်ကြပါစေကြောင်းနှင့် တာဝန်ရှိသူများမှလည်း ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းက နိုင်ငံတော်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ အနာဂတ်သာယာလှပရေးအတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အတွေ့အကြုံများကို အခြေခံ၍ အားသာချက်များကို ပိုမိုကောင်းမွန်အောင် အားနည်းချက်များကိုလည်း ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး အားကောင်းအောင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မော်လမြိုင်မြို့နယ်အတွင်း သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက်  လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ယနေ့ညှိနှိုင်းဆွေးနွေးပွဲတွင် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက်  ဝိုင်းဝန်းဆွေးနွေးကြမည် ဖြစ်ပါကြောင်း။

 

 

ပညာရေးသင်ယူမှုအခွင့် အလမ်းပိုမို မြင့်မားရေးအတွက် ယနေ့ခေတ်တွင် စက်မှု ၄ ဒသမ ၀ (Industry4.0)နှင့် လိုက်လျောညီထွေ ဖြစ်သောပညာရေးသည် Education 4.0  ဖြစ်ပါကြောင်း၊ စက်မှု ၄ ဒသမ ၀ (Industry4.0) နှင့် လိုက်လျောညီထွေဖြစ်သော ပညာရေးဖြစ်အောင် Education 4.0 တွင် သင်ယူသူတစ်ဉီး ခြင်းသည် ဗဟိုဖြစ်ပါ ကြောင်းသင်ယူခြင်းသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အရည် အသွေးရှိသည့် ပညာရေးစနစ်တွင် သင်ယူပြီးရင်း သင်ယူနေရပြီး ဘဝတစ်သက်တာ သင်ယူကြရမည် ဖြစ်ပါကြောင်း၊ သင်ယူသူတစ်ဦးချင်းစီကို ဗဟိုပြုပြီး သင်ယူတတ် မြောက်မှုအရည် အသွေး ကောင်းမွန်အောင်ဆောင်ရွက် ပေးနိုင်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ စသည့်သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

(သတင်းစဉ်)