မကွေး ၁၂ ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို မကွေးတက္ကသိုလ်တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

 

အဆိုပါပွဲတော်တွင် စာပေဆိုင်ရာ လှုပ်ရှားမှုများအဖြစ် လူငယ်ဆွေးနွေးပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ စာအုပ်ဈေးရောင်းပွဲများကိုလည်းကောင်း၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများအဖြစ် မြန်မာ့ရိုးရာတူရိယာများ ပြသခြင်း၊ ၁၂ ရာသီပွဲတော် ပန်းချီကားများ ပြသခြင်း၊ ရုပ်သေးရုပ်များ ခင်းကျင်းပြသခြင်း၊ ပန်းချီ၊ ပန်းပု လက်တွေ့ထုဆစ်ရေးဆွဲပြသခြင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စုံများ ခင်းကျင်းပြသခြင်း၊ ကဗျာလွတ်အကနှင့် တိုင်းရင်းသားရိုးရာအကများ သရုပ်ပြကပြခြင်းတို့ကို လည်းကောင်း၊ IT ဆိုင်ရာလှုပ်ရှားမှုများအဖြစ် IT ပစ္စည်းများပြသခြင်း၊ IT စကားဝိုင်းများ ပြုလုပ်ခြင်း၊  Cyber Security Awareness  ကျင်းပခြင်း၊ IT Power Test ကျင်းပခြင်း၊ IT Book Show ပြသခြင်းတို့ကို လည်းကောင်း၊ အားကစားဆိုင်ရာလှုပ်ရှားမှုများအဖြစ် အပန်းဖြေအားကစားပြိုင်ပွဲများဖြစ်သည့် လွန်ဆွဲ(ကျား/မ)ပြိုင်ပွဲ၊ ထုပ်ဆီးတိုး(ကျား/မ)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလုံးဂိုးသွင်း၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများနှင့် ဘောလီဘောပြိုင်ပွဲများ၊ သရုပ်ပြအားကစားနည်းများဖြစ်သည့် ဝူရှူးအားကစားနည်း၊ မြန်မာ့သိုင်း အားကစားနည်းများကိုလည်းကောင်း ပါဝင်ပြသဆောင်ရွက်ကြမည် ဖြစ်သည်။

 

ထို့ပြင် တက္ကသိုလ်/ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ပြခန်းများ၊ ဝန်ကြီးဌာနပြခန်းများ၊  မူးယစ်ဆေးဝါး အသိပညာပေးပြခန်းများ၊ ကလေးသူငယ်စွန့်ပစ်မှု ပပျောက်ရေးဆိုင်ရာ ပြခန်းများ၊ သဘာဝဘေးဆိုင်ရာ ပြခန်းများကိုလည်းကောင်း၊ အသိပညာပေးအစီအစဉ်များဖြစ်သည့် လူငယ်များသိကောင်းစရာ အချက်အလက် အမေးအဖြေအစီအစဉ်နှင့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ အခြေခံမျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးဟောပြောပွဲများ၊ သားဆက်ခြား နည်းလမ်းများ အသိပညာပေးဟောပြောပွဲများ၊ ကျား/မအခြေပြု အကြမ်းဖက်ဆိုင်ရာ အသိပညာပေး အစီအစဉ်များ၊ သက်ငယ်မုဒိမ်း တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အစီအစဉ်များကိုလည်းကောင်း၊ ဖျော်ဖြေရေးအစီအစဉ်တွင် မြန်မာ့အသံ ခေတ်ပေါ်တီးဝိုင်းနှင့် နိုင်ငံကျော်အဆိုတော်များ၊ ငြိမ်းချမ်းရေးဂီတပွဲတော်မှ အဆိုရှင်များက တေးသီချင်းများ သီဆိုဖျော်ဖြေခြင်းကိုလည်းကောင်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

 

အဆိုပါပွဲတော်တွင် ပါဝင်ဆောင်ရွက်မည့် လူငယ်ဆိုင်ရာ ဆွေးနွေးပွဲများကို မကွေးတက္ကသိုလ် (Y) ဆောင်၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဒီဇင်ဘာ ၁၄ ရက်တွင် “စွန့်ဦးတီထွင်လူငယ်များ” ခေါင်းစဉ်နှင့် “Digital Literacy” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက်တွင် “လူငယ်နှင့်အနာဂတ်ဘဝ လမ်းကြောင်းရွေးချယ်မှု” ခေါင်းစဉ်နှင့် “လူငယ်နှင့်ဘက်စုံဖွံ့ဖြိုးမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် “အနာဂတ်မြန်မာနိုင်ငံနှင့် လူငယ်များ၏အခန်းကဏ္ဍ” ခေါင်းစဉ်နှင့် “လူငယ်နှင့် လူငယ်ရေးရာမဟာဗျူဟာ” ခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်ဆိုင်ရာအဖွဲ့အစည်းများမှ လူငယ်(၃၀)ဦးက ဆွေးနွေးကြမည်ဖြစ်သည်။

 

ထို့ပြင် မကွေးတက္ကသိုလ် Theater စာသင်ခန်းမတွင် MRTV-4 မှ သရုပ်ဆောင်များဖြစ်ကြသည့် အောင်ရေချမ်း၊ ကျော်ထက်ဇော်၊ ဝင့်ယမုံနိုင်၊ စည်သူဝင်း၊ ဝေလာရီ၊ နက္ခတ်၊ ခြူး(ခြူးလေး) တို့က လူငယ်နှင့် အနုပညာခေါင်းစဉ်များဖြင့် ဆွေးနွေးကြမည်ဖြစ်သည်။

 

ယခုကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မြန်မာ့လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်/ ကောလိပ်များမှ ကျောင်းသား/ ကျောင်းသူများ၊ ခရိုင်နှင့်မြို့ရွာ အသီးသီးမှ လူငယ်များ ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)