ကျောက်ပန်းတောင်း ၁၂ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တယ်ပင်တဲကျေးရွာအုပ်စု၊ ကျောက်တံခါး(တ)ကျေးရွာမှ မကြီးတိုင်းကျေးရွာ အ.ထ.က သို့ နေ့စဉ် ၁၀ မိုင်ခရီးခြေလျင်လျှောက်၍ ကျောင်းတက်နေကြသည့် ကျောင်းသားကျောင်းသူ ကလေးငယ်များအတွက် စက်ဘီးအစီး ၅၀ ပေးအပ်လှူဒါန်းပွဲကို၊ ယနေ့ နံနက်(၁၀)နာရီက ကျောက်တံခါး (တ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းသားကျောင်းသူများအတွက် စက်ဘီးများကို Positive Pioneer Company Limited နှင့် Less Walk Organization တို့မှ ပူးပေါင်းလှူဒါန်းခြင်းဖြစ်ပြီး အခမ်းအနားတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် လက်ထောက်မြို့နယ် ပညာရေးမှူးတို့က အမှာစကားပြောကြားကြသည်။ ဆက်လက်၍ Positive Pioneer Company Limited မှ Project Director ဦးဖိုးဌေးက လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မကြီးတိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် Project Director ဦးဖိုးဌေးက ကျောက်တံခါးရွာ ဘုန်းတော်ကြီးကျောင်းအတွက် စက်ဘီး ၂ စီးနှင့် အလှူငွေကျပ် ၃ သိန်းခွဲ၊ ကျေးရွာမူလတန်းကျောင်းအတွက် အလှူငွေကျပ် (၂) သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ရွာခွဲတာဝန်ခံဦးဝင်းရွှေက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ယင်းနောက် ဦးဖိုးဌေးက စက်ဘီးအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ကျောင်းသားတစ်ဦးချင်းစီ ထံပေးအပ်လှူဒါန်းသည်။
“ကျွန်တော်တို့ လှူဒါန်းဖြစ်တဲ့ အကြောင်းကတော့ ဟိုးတစ်လောက ပခုက္ကူကနေ စက်ဘီးအစီး ၁၅၀ လှူပြီး၊ ကျောက်ပန်းတောင်းကနေဖြတ်ပြီး ပြန်လာတော့ ဒီမကြီးတိုင်း ကျောင်းအလွန်ကနေ ကျောင်းသူလေးတစ်ယောက် ကားတားတယ်။ ဒါပေမဲ့ ကားကလည်းငယ် ပစ္စည်းတွေကလည်း ပြည့်နေတော့ ရပ်မပေးခဲ့ဘူး။ လွန်သွားမှပြန်လှည့်ပြီး ဘယ်ရွာကနေ ဘယ်ကျောင်းကိုတက်တာလဲ။ ဘယ်နှစ်မိုင်ဝေးလဲဆိုတော့ ၁၀ မိုင်လောက်ကို ခြေလျင်သွားပြီး ကျောင်းတက်နေရတယ်ဆိုတာသိရတော့ စက်ဘီးလှူချင်စိတ်ပေါက်ပြီး လာလှူဖြစ်တာပါ” ဟု Positive Pioneer Company Limited မှ Project Director ဦးဖိုးဌေးက ပြောပြသည်။
ကျောက်တံခါးတောင်ကျေးရွာမှ မကြီးတိုင်းကျေးရွာအထိ (၁၀)မိုင်ကွာဝေးကြောင်း သိရပြီး၊ မကြီးတိုင်း အ.ထ.က သို့ခြေလျင်ကျောင်းတက်နေကြသည့် ပဉ္စမတန်းကျောင်းသားကျောင်းသူ (၁၄)ဦး၊ ဆဌမတန်း ကျောင်းသားကျောင်းသူ (၁၁) ဦး၊ သတ္တမတန်း (၁၀) ဦး၊ အဌမတန်း (၁၁) ဦးနှင့် နဝမတန်းကျောင်းသားကျောင်းသူ (၂) ဦး စုစုပေါင်း (၄၈) ဦးအတွက် စက်ဘီး (၄၈) စီးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်း အသုံးပြုရန်အတွက် (၂) စီး စုစုပေါင်းအစီး (၅၀) လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရပြီး လှူဒါန်းပွဲသို့ ကုမ္ပဏီတာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)