ယင်းမာပင် ၁၃ ဒီဇင်ဘာ
ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် Myanmar Fresh Agro Co,Ltd(MFA) တို့ ပူးပေါင်း ကျင်းပသော ဒရုန်းယာဉ်ပျံဖြင့် ဆေးဖျန်းခြင်းတောင်သူအသိပညာပေးသရုပ်ပြပွဲကို ယင်းမာပင် မြို့နယ် တမာပင်ခွကျေးရွာ Myanmar Fresh Agro Co,Ltd(MFA) ၏ ငရုပ်စိုက်ခင်းတွင် ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုကြောင်း သိရသည်။

သရုပ်ပြပွဲ အခမ်းအနားတွင် ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းတို့က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုက ဒရုန်းယာဉ်ပျံဖြင့် ဆေးဖျန်းခြင်းတောင်သူအသိပညာပေး သရုပ်ပြပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုအပေါ် တိုးတက်လာသော ခေတ်နှင့်အညီ ခေတ်မီနည်းပညာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒရုန်းယာဉ်ပျံ ပညာရှင် ဦးမျိုးသန့်က ဒရုန်းယာဉ်ပျံနှင့်ပတ်သက်၍ ဒရုန်းကိုမောင်းဖို့က တောင်သူ အတော်များများက အင်ဂျင်နီယာဖြစ်မှ မောင်းလို့ ရမယ်လို့ထင်နေကြပါတယ်။ ဒီလိုမဟုတ်ပါဘူး စက်ပစ္စည်းကို အရမ်းစိတ်ဝင်စာပြီး လယ်သမားကိုယ်တိုင်ပါဝင်ပြီး လုပ်မှဖြစ်မှာမို့ ဆယ်တန်း မအောင်မြင်သေးတဲ့ လယ်သမားကို သင်ပေးကြည့်ရာ တစ်ရက်တည်းမှာပင် အဆင်ပြေစွာ မောင်းနှင်နိုင်တာ တွေ့ရပါတယ်။ တောင်သူတွေအနေနဲ့ ဒီဆေးဖြန်း ဒရုန်းယာဉ်ကို အသုံးပြု ဆောင်ရွက်ခြင်းဖြင့် ဖျက်ပိုးကျရောက်ချိန်တွင် အချိန်မီဆောင်ရွက်နိုင်ခြင်းနှင့် (၆)မိနစ်အတွင်း တစ်ဧကကို ဆေးဖြန်းပေးနိုင် ကြောင်း ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသောတောင်သူများမှ ဒရုန်းနှင့်ပတ်သက်သည့် သိရှိလိုသည်များမေးမြန်းရာ ဒရုန်းယာဉ်ပျံ ပညာရှင် ဦးမျိုးသန့်က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ယင်းနောက် ငရုပ်စိုက်ခင်းအား ဒရုန်းယာဉ်ပျံဖြင့် လက်တွေ့ ပျံသန်းပတ်ဖျန်းပြသခဲ့ကြောင်း သိရသည်။ အဆိုပါသရုပ်ပြပွဲသို့ ယင်းမာပင်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စိတ်ဝင်စားသော တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)