ခင်ဦး  ၁၃   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်လယ်ရှိ သမိုင်းဝင် အညာသီဟ တောဘုရား ရင်ပြင်တော်မှာ မြစ်ရေတိုက်စားမှုကြောင့် နိမ့်ကျအက်ကွဲမှုများ ဖြစ်သည့်နေရာ ဘုရားရင်ပြင်တော်မြေသားနှင့် ကျောက်သားများ ကြံ့ခိုင်စေရန်အတွက် ငွေကျပ်သိန်း (၁၀ဝ၀) ကျော် အကုန်ကျခံ၍ ပြန်လည်ပြုပြင်ခဲ့ရာ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

သမိုင်းဝင် အညာသီဟ တောဘုရားရင်ပြင်တော် မြေသားနှင့် ကျောက်သားများ ကြံ့ခိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဘူမိဗေဒပညာရှင်အဖွဲ့က အသေးစိတ် စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှစတင်၍ တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၄၄ ဒသမ ၆၇ သိန်း၊ အညာသီဟတောဘုရား ရန်ပုံငွေ ကျပ် ၄၉၆ ဒသမ ၅ သိန်း၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် Myanmar Geo Specialist ကုမ္ပဏီလီမိတက်က ရင်ပြင်တော်အတွင်း သရွတ်မှုတ်လွန် တွင်းတူးဖော်ပြီး ဘိလပ်မြေသရွတ်မှုတ်သွင်းခြင်း  လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ငွေကျပ် သိန်း(၁၀ဝ၀) ကျော်ကုန်ကျပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသိန်းဇော်၏ ပြောကြားချက်အရသိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့တို့က ဒီဇင်ဘာလ ၁၂ ရက်နေ့က ကွင်းဆင်း ကြည့်ရှု့ခဲ့သည်။

 

အညာသီဟ တောဘုရားပွဲတော်ကျင်းပရန်အတွက် နှစ်စဉ်အညာ သီဟတောရွှေဆင်းတုတော်ကို တပေါင်း လဆန်း(၇) ရက်နေ့တွင် မန္တလေးမြို့၊ ရွှေကျီးမြင်ဘုရားမှ စတင်ပင့်ဆောင် ဒေသစာရီ ကြွချီအပူဇော်ခံပြီး တပေါင်း လဆန်း (၁၀) ရက်နေ့မှ တပေါင်းလပြည့်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)