မိုးကောင်း ၁၃ ဒီဇင်ဘာ
ကချင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက သက်ငယ်မုဒိန်းနှင့် Gender Based Violence -GBV အသိပညာသင်တန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲတွင်ကျင်းပရာ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများတက်ရောက်သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် သက်ငယ်မုဒိန်း နှင့် ကျား/မ အခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်း ဖြစ်ကြောင်း သိရသည်။
အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အမှာစကားပြောကြားပြီး ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်အောင်ဝင်းမှ သင်တန်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။
သင်တန်း၌ ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်သန်းနွဲ့ က အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ မုဒိန်းကျူးလွန်ခြင်းဆိုင်ရာများ၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲခြင်းနှင့် ညွှန်းပို့ခြင်းဆိုင်ရာများကို လည်းကောင်း၊ ဒုညွှန်ကြားရေးမှူးက Gender Based Violence -GBV အသိပညာများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် က ကလေးသူငယ်ဥပဒေ Child Law အကြောင်းအရာများကိုလည်းကောင်း အသီးသီး ပို့ချ သင်ကြားကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)