နေပြည်တော် ၁၃ ဒီဇင်ဘာ
ရှမ်းပြည်နယ် ပင်းပက်ဒေသတွင် ရှရှားနိုင်ငံ၏ နည်းပညာအကူအညီဖြင့် အမှတ်(၂) သံမဏိစက်ရုံစီမံကိန်း(ပင်းပက်) ပြန်လည်စတင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဦဆောင်သော နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်များနှင့် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Timur Maksimov ဦးဆောင်သောအဖွဲ့ တို့သည် ရှရှားနိုင်ငံမှ နည်းပညာအကူအညီရရှိရေးနှင့် စက်ရုံဝန်ထမ်းများအား နည်းပညာဆိုင်ရာ သင်တန်းများပေးရေး၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရေး အပါအဝင် စက်ရုံစီမံကိန်း ပြန်လည်စတင်နိုင်ရေး အတွက် နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်