နေပြည်တော် ၁၃ ဒီဇင်ဘာ
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်နိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ် (၂၀၁၈-၂၀၂၂)နှင့်စပ်လျဉ်းသည့် နားလည်မှုစာလွှာ (Letter of Understanding - LoU) လက်မှတ်ရေးထိုးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နားလည်မှုစာလွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် WFP Country Director and Resident Representative, Mr. Stephen Anderson တို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြသည်။
လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ WFP နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ အရာရှိကြီးများနှင့် WFP မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
WFP ၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာအစီအစဉ် (၂၀၁၈-၂၀၂၂) ကို သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် WFP တို့ ညှိနှိုင်းဆွေးနွေးရေး ဆွဲထားခြင်း ဖြစ်ပြီး စုစုပေါင်းခန့်မှန်းရန်ပုံငွေေ အမေရိကန်ဒေါ်လာ ၃၁၀ ဒသမ ၈၀ သန်းဖြင့် သဘာဝဘေးနှင့် ပဋိပက္ခဖြစ်ပွားသည့် ဒေသများရှိပြည်သူများအတွက် တစ်နှစ်ပတ်လုံး စားနပ်ရိက္ခာဖူလုံရေး နှင့် အာဟာရ ပြည့်မီရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ထိခိုက်လွယ် ပြည်သူများအတွက် တစ်နှစ်ပတ်လုံး စားနပ်ရိက္ခာဖူလုံမှုရှိရေး၊ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက် ကလေးများအတွက် အာဟာရပြည့်မီရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ လူဦးရေ ၂ ဒသမ ၇၉ သန်း ခန့် အကျိုးခံစားခွင့်များ ရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)